ဂဠုန်ဦးစော ဇာတ်ကောင်နေရာအတွက် ဂဠုန်ဦးစော၏ မြစ်တော်စပ်သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်သွားမည်

ဂဠုန်ဦးစော ဇာတ်ကောင်နေရာအတွက် ဂဠုန်ဦးစော၏ မြစ်တော်စပ်သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်သွားမည်

ရန်ကုန်၊ စက်တင်ဘာ ၂၄ ။        ။ ဗိုလ်ချုပ်ရုပ်ရှင်ကို လာမည့် စက်တင်ဘာလ ၃ဝ ရက်နေ့တွင် စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး ဂဠုန်ဦးစော ဇာတ်ကောင်နေရာအတွက် ဂဠုန်ဦးစော၏ မြစ်တော်စပ်သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

“ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင်ဖို့အတွက် ဂဠုန်ဦးစောရဲ့ မြစ်ကိုယ်တိုင်က လာရောက်ကမ်းလှမ်းပြီးတော့ အဆိုပြုတာပါ။ အကိုတို့အနေနဲ့ အကြိမ်ကြိမ်အခါခါ ကျွန်တော်တို့ဘက်က စဉ်းစားပါသေးတယ်။ မိသားစုနဲ့ ဒီဘက် မျိုးဆက်မှာ ထိခိုက်မှုရှိနိုင်မလားဆိုတာ ကြိုတင်စဉ်းစားပြီးတော့ ကျွန်တော်တို့ ပြောပါတယ်။ သို့သော် ကာယကံရှင် ကိုယ်တိုင်ကိုက သူ့အဘိုးကိုယ်စား ဒီနိုင်ငံကို ပြန်ပေးဆပ်ချင်တယ်။ ဒီနိုင်ငံကို ပြန်ပြီး ကျေးဇူးပြုချင်တဲ့ ရည်ရွယ်ချက် နဲ့ ပါဝင်ချင်တယ်လို့ ပြောဆိုတဲ့အတွက် ကျွန်တော်တို့ ရွေးချယ်ရခြင်း ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာ အဖြစ်ရိုက်ကူးမည့် လူမင်းက ပြောသည်။

အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့၊နိုဗိုတယ်ဟိုတယ် တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီမှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဂဠုန်ဦးစော၏ မြစ်တော်စပ်သူဖြစ်သော ကိုဇော်ဇော်ပိုင်ကို ဗိုလ်ချုပ်ရုပ်ရှင်အတွင်း ဂဠုန်ဦးစောအဖြစ် ပါဝင် သရုပ်ဆောင်ရန် ရွေးချယ်ရခြင်းမှာ ကာယကံရှင်၏ တောင်းဆိုချက်ကြောင့်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာတွင်လည်း တူညီမှုရှိသောကြောင့် ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ကာရိုက်တာအရ၊ ရုပ်အရလည်း အင်မတန်တူတဲ့အတွက် ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ ပထမရုပ်ပိုင်းဆိုင်ရာအတွက် ပြင်ဆင်မှုတွေ လုပ်ပေးထားပါတယ်။ Casting Director ဦးစိုးမိုးအနေနဲ့လည်း မတူတာတွေ တူအောင် ပြင်ဆင်မှု အပိုင်းတွေ လုပ်ပြီးပါပြီ။ ဒိုင်ယာလော့တွေ၊ အိုက်တင်တွေ၊ လေ့ကျင့်တာတွေကိုလည်း ရီဟာဇယ်များစွာ လုပ်ပြီးပြီဖြစ်ပါတယ်” ဟု လူမင်းက ပြောသည်။

ဗိုလ်ချုပ်ရုပ်ရှင်တွင် ပါဝင်မည့် သရုပ်ဆောင်များကို ပြင်ပမှခေါ်ယူရွေးချယ်သကဲ့သို့ လက်ရှိအနုပညာရှင်များ ထဲမှလည်း ရွေးချယ်ထားကြောင်း သိရသည်။ အဆိုပါရုပ်ရှင်တွင် သရုပ်ဆောင် မိုးဟေကို၊ နိုင်းနိုင်း၊ ဒါရိုက်တာ ညိုမင်းလွင်၊ မင်းဦး၊ ရဲအောင်၊ ရန်အောင်၊ ခန့်စည်သူ၊ ကျော်ကျော်နှင့် ဒါရိုက်တာလူမင်းကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ရုပ်ရှင်တွင် ဗိုလ်မင်းရောင်အဖြစ် လူမင်း၊ ကျောင်းသားခေါင်းဆောင်ကိုဘဟိန်းအဖြစ် ဒါရိုက်တာ ညိုမင်းလွင်၊ သခင်နုအဖြစ် အောင်မော်ထွန်း၊ မန်းဘခိုင်အဖြစ် မင်းဦး၊ သခင်မြအဖြစ် ရဲအောင်၊ ဦးတင်ထွဋ်အဖြစ် ခန့်စည်သူ ၊ သရုပ်ဆောင်ရန်အောင်က ဒေါက်တာဘမော်အဖြစ် အသီးသီး သရုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း လည်း သိရသည်။

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်ခဲ့ကြသည်မှာ ခုနစ်နှစ်ကျော်ကြာခဲ့ပြီး ယခုပြုလုပ်သည့် အောင်ဆန်း ရုပ်ရှင်စတင်ရိုက်ကူးခြင်း အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတာဝန်ရှိသူများ၊ ရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များနှင့် ပါဝင်မည့် သရုပ်ဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly