ဗစ်တိုးရီးယားအမှုမှ သံသယတရားခံအောင်ကြီးအတွက် အာမခံလျှောက်ထား

ဗစ်တိုးရီးယားအမှုမှ သံသယတရားခံအောင်ကြီးအတွက် အာမခံလျှောက်ထား

နေပြည်တော်၊ စက်တင်ဘာ ၂၄ ။        ။ နေပြည်တော်က ဗစ်တိုးရီးယားအမှုအတွက် ဖမ်းဆီးခံထားရသော သံသယတရားခံ အောင်ကြီးအတွက် အာမခံ လျှောက်ထားမှုကို စက်တင်ဘာလ ၂၄ရက်နေ့ရုံးချိန်းတွင်ပြုလုပ်ခဲ့ကြောင်း ဒက္ခိဏခရိုင်တရားရုံးမှ သိရသည်။

“အဒေါ့်သားက ဒီလို အကျင့်စိတ်ဓာတ်မှ မရှိတာ၊ အဒေါ်တို့ ဆင်းရဲပေမယ့် စိတ်ဓာတ် မယုတ်မာဘူး။အဒေါ်တို့လူပါ။ လူကမွေးထားတာပါ။ သူ့တူမအရွယ်လေးကို ဒီလိုယုတ်မာတဲ့စိတ် မွေးမှတော့ လူမဆန်တဲ့လူတွေရဲ့ လုပ်ရပ်ပါ။ အာမခံမျှော်လင့်တယ်ဆိုတာက အဒေါ်တို့ အခုအပတ်တောင်ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ် ကတည်းက ကလေးလေးက ပြောနေတာလေ။ သူ့ကို မသိဘူး။ ဒီလူကို မသိဘူး။ ကလေးနှစ်ယောက်ပါလို့ ပြောနေတဲ့ဥစ္စာကို ပေးသင့်ပြီပေါ့။အဒေါ့်သားလေး အထဲထဲမှာ ဘယ်လောက်ခံနေရမလဲ။ ဘယ်သူက ဒီအထဲထဲမှာ တစ်ရက်တစ်လေတောင် ဝင်နေနိုင်မှာလဲ” ဟု အောင်ကြီး၏ မိခင်ဖြစ်သူက ပြောသည်။

ဒက္ခိဏခရိုင်တရားရုံးတွင် စက်တင်ဘာလ ၂၄ရက်နေ့က ဗစ်တိုးရီးယားအမှုအတွက် ခုနှစ်ကြိမ်မြောက် ရုံးချိန်း ကိုပြုလုပ်ခဲ့ပြီး  ရှာဖွေပုံစံတွင် သက်သေအဖြစ် ပါဝင်ခဲ့သော သပြေကုန်းရပ်ကွက်မှ ရပ်ကွက်လူကြီးနှစ်ဦးကို စစ်ဆေးခဲ့သည်။

“ရှာဖွေသက်သေနှစ်ယောက်မှာလည်း ကိုအောင်ကြီးဆီက ပစ္စည်းသိမ်းတယ်ဆိုတဲ့နေရာမှာ ပါတဲ့ ရှာဖွေသက်သေက တစ်ယောက်ထဲပါ။အဲ့တော့ သူ့ပဲစစ်တာပါ။ရှာဖွေသက်သေကို စစ်တဲ့အခါမှာတော့ ရှာဖွေသက်သေ ထွက်ထားတဲ့ အတိုင်းပဲ ကျွန်တော်ပြောမယ်လေ။ရှာဖွေသက်သေက သူရောက်သွားတဲ့အချိန်မှာ ကိုအောင်ကြီးရဲ့ အဝတ်အစား တွေကို ရဲစခန်းမှာ စားပွဲပေါ်မှာတွေ့တယ်။ကိုအောင်ကြီး အပ်ပေးတာကိုတော့ သူမမြင်ဘူး။ ကိုအောင်ကြီးလည်း ဘေးမှာ မရှိဘူး။ အဲ့တော့ သူက ကိုအောင်ကြီးနဲ့ တွေ့ချင်တယ်ပြောတော့ အချုပ်ခန်းထဲမှာတွေ့တယ်။ ကိုအောင်ကြီး က ပြောတယ်။ကျွန်တော် ဒီကိစ္စကို လုပ်လည်းမလုပ်ဘူး။ သိလည်းမသိဘူး။ကလေးကိုလည်း မမြင်ဖူးဘူးလို့ အဲ့အကြောင်းကို သူကပြောပြသွားတာ။”ဟု သံသယတရားခံအောင်ကြီး၏ ရှေ့နေဖြစ်သော ဦးခင်မောင်ဇော်က ပြောသည်။

ပြီးခဲ့တဲ့ မေလအတွင်း နေပြည်တော်သပြေကုန်းရပ်ကွက်ရှိ  Wisdom Hill မူကြိုကျောင်းတွင် ကျောင်းတက်နေသော အသက်သုံးနှစ်မပြည့်သေးသည့် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဖြစ်ပွားခဲ့ပြီး ကာယကံရှင် ကလေးငယ်၏ မိခင်မှ နေပြည်တော်အမှတ်(၁)ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုကို နှစ်လနီးပါးခန့် စစ်ဆေးပြီးနောက် မူကြိုကျောင်းမှ ကြီးကြပ်ရေးမှူး၏ ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သော အောင်ကြီး(ခ)အောင်ကျော်မျိုးကို သံသယတရားခံအဖြစ် ရဲက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အောင်ကြီးမှာ ပြစ်မှုကျူးလွန်သည့် အထောက်အထား မရှိဘူးဟုဆိုကာ ပြန်လွတ်ပေးလိုက်ပြီးနောက် တစ်ပတ်အကြာတွင် ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယခင်အပတ် ရုံးချိန်းတွင် အဓိကသက်သေဖြစ်သော ကာယယံရှင် ကလေးငယ်အား စစ်ဆေးရာ ကလေးငယ်မှ အောင်ကြီးကို မသိကြောင်းနှင့် သူ့ကို ကိုကို အကြီးနဲ့ ကိုကို အငယ်က လုပ်တာဟု ထွက်ဆိုသွားကြောင်း နှစ်ဖက် ရှေ့နေတွေက ပြောဆိုထားသည်။

အဆိုပါအမှုအတွက် လာမယ့် ရုံးချိန်းကို အောက်တိုဘာလ ၉ရက်နေ့သို့  ပြန်လည်ချိန်းဆိုထားပြီး Wisdom Hill မူကြိုကျောင်းမှ ယာဉ်မောင်းတစ်ချို့ကို ဆက်လက်စစ်ဆေးမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly