နေပြည်တော်ရှိ သက်ငယ်မုဒိမ်းမှုမှ အာမခံဖြင့် လွတ်မြောက်နေသော စွပ်စွဲတရားခံကို စွဲချက်စတင်မည်

နေပြည်တော်ရှိ သက်ငယ်မုဒိမ်းမှုမှ အာမခံဖြင့် လွတ်မြောက်နေသော စွပ်စွဲတရားခံကို စွဲချက်စတင်မည်

နေပြည်တော်၊ စက်တင်ဘာ ၂၃ ။         ။ နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့နယ်၊ တဲကုန်းကျေးရွာ ၊ ငလိုက်ချောင်းအနီးတွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်သူဟု စွပ်စွဲထားသူကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် ကလေး သူငယ်တရားရုံး၌ စွဲချက်စတင်မည်ဟု ပျဉ်းမနားမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး အောင်နိုင်ဦးကပြောသည်။

“ကျွန်တော်တို့ အဲ့မှာ စကတည်းက စွဲတဲ့  ပုဒ်မပဲ (၃၇၆/၃၆၃ )နဲ့ပဲ”ဟု ၄င်းကပြောသည်။

ပုဒ်မ ၃၇၆သည် မုဒိမ်းမှုဖြစ်ပြီး အသစ်ပြင်ဆင်သည့်ဥပဒေတွင် အသက်၁၂အောက် ကလေးငယ်ကိုကျူးလွန် ပါက ထောင်ဒဏ်တစ်သက်(သို့မဟုတ်) နှစ်၂၀ အထိ ကျခံစေမည်ဖြစ်ပြီး  ပုဒ်မ ၃၆၃သည် အသက်မပြည့် သေးသည့် ကလေးငယ်ကို ခိုးယူပေါင်းသင်းမှုဟု ဥပဒေတွင်ဖော်ပြထားသည်။

သြဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက ခုနစ်အရွယ်ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသော တရားခံကို ဖမ်းဆီးပြီးနောက် ရမန်စယူသည့်နေ့တွင်  မွေးစာရင်းအရ အသက်၁၈နှစ် မပြည့်ဟုဆိုကာ ကလေးသူငယ်ဥပဒေအရ  တရားရုံးမှ အာမခံငွေကျပ်သိန်း ၃ဝဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

ကလေးသူငယ်ဥပဒေတွင် အသက်၁၈နှစ် အထိကို ကလေးသူငယ်အဖြစ်သတ်မှတ်ပြီး ပုဒ်မ ၈၃ (ဂ)တွင် စစ်ဆေးစီရင်နေစဉ်အတွင်း တရားစွဲတင်ပို့သော ကလေးငယ်ကို ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ရန် အာမခံဖြင့် ခံဝန်ချုပ် ချုပ်ဆိုစေပြီး စည်းကမ်းချက်များသတ်မှတ်၍ မိဘ၊ အုပ်ထိန်းသူထံဖြစ်စေ ၊ယာယီစောင့်ရှောက်ရေး ဂေဟာ (သို့မဟုတ်) အခြားသင့်လျော်သော နေရာသို့ဖြစ်စေ အုပ်ထိန်းရန် အပ်နှံနိုင်သည်ဟု ဖော်ပြထားသည်။
အပိုဒ်ခွဲ(င)တွင်မူ  မည်သည့်အကြောင်းနှင့်မျှ ကလေးသူငယ်ကို ရဲအချုပ်တွင်ဖြစ်စေ၊ အကျဉ်းထောင်တွင် ဖြစ်စေ ချုပ်မိန့်မထားရဟု ဖော်ပြထားသည်။

အဆိုပါအမှုမှ ကျူးလွန်သူဟု စွပ်စွဲထားသူက ဖမ်းဆီးစစ်ဆေးစဉ်် ၁၉နှစ်ဟု ပြောဆိုထားသော်လည်း ရမန် ယူသည့် နေ့တွင် ၄င်း၏မိသားစုမှ တင်ပြသည့်မွေးစာရင်းအရ ၁ရနှစ်သာရှိကြောင်း ပျဉ်းမနားမြို့မ စခန်းမှူး ဒုရဲမှူး ဦးအောင်နိုင်ဦးကပြောသည်။

“မွေးစာရင်းပြတော့ ၁၇ နှစ်နဲ့ ၇ ရက်ပဲရှိတဲ့အခါကျတော့ ကျွန်တော်တို့က ၁၈နှစ် အောက်ဆိုတော့ ကလေး သူငယ် ဖြစ်တဲ့အတွက် မိဘအုပ်ထိန်းသူမှ ဂေဟာပို့ရမယ်။ ဂေဟာ ဆိုတာကျွန်တေ်ာတို့နေပြည်တော်မှာ မရှိဘူး။ နေပြည်တော် တစ်ဝိုက်မှာမရှိတဲ့အတွက် ဂေဟာကိုလည်း မပို့နိုင်ဘူး” ဟု ၄င်းကပြောသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားသူနှင့်  နစ်နာသူ မိသားစုတို့သည် အိမ်ချင်းနီးပြီး  ခြိမ်းခြောက် တာမျိုးရှိနေသည်ဟု နစ်နာသူ ကလေးငယ်လေးနှင့် အဒေါ်တော်စပ်သူ မတင်ဇာဝင်းကပြောသည်။
တရားစတင်စွဲတင်မည့်နေ့တွင် နစ်နာသူ ကလေးငယ်လေး၏မိခင်မှ  “ ဒီတရားသူကြီး အောက်မှာ ပြန်ပြီး ဖမ်းချုပ်ပေးဖို့။ တကယ်လို့ ဥပဒေကြောင်းအရ ဖမ်းချုပ်လို့မရဘူးဆိုရင်တောင်မှ တခြား ရွာမှာ သွားနေတာ ဖြစ်စေ။ စခန်းမှူးရဲ့ထိန်းသိမ်းမှု အောက်မှာဖြစ်စေပေါ့နော်။တနည်းနည်းလေး လုပ်ပေးဖို့ရာအတွက် အသနား ခံစာ တင်မယ်” ဟု မတင်ဇာဝင်းကပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ လက်ရှိတွင် အာမခံနှင့်လွတ်မြောက်နေသည့် စွပ်စွဲခံထားသူအား ခေါ်ယူ မေးမြန်း ရာ ခြိမ်းခြောက်တာမျိုးမလုပ်ကြောင်း ပြောထားသည်ဟု စခန်းမှူး ဒုရဲမှူး ဦးအောင်နိုင်ဦးက ပြန်လည်ပြောဆိုသည်။

“သူ့အဒေါ်လာတယ်လေ။ သူ့အဒေါ်က အဲ့မှာလာတဲ့အခါ ဒီကလေးကို သူတို့လာတဲ့အခါ ရွာက လူတွေက စိတ်လုံခြုံမှုမရှိဘူး။ သူတို့မှာလည်း ဒီကလေးလေးကလည်း ဒီကောင်လေးကိုမြင်လို့ရှိရင် စိတ်လုံခြုံမှု ကြောက် နေမှာဖြစ်နေမှာဆိုးလို့ ဆိုပြီးတော့ လာပြောတဲ့အတွက် ဒီကလေးကို အကျူးလွန်ခံရတဲ့ ကလေးမလေး ရှိတဲ့ ဘက်ခြမ်း ကိုလုံးဝမသွားစေပဲနဲ့ သူ့ဘာသာသူတခြားတနေရာသွားဖို့နှင်ထုတ်လိုက်တယ်။ စောစောက ပြောသလိုပေါ့။ တခြားတစ်နေရာမှာ အကြာကြီးနေလို့မရတာရယ်။ သူ့မိသားစုစားဝတ်နေရေး ရပ်တည်ဖို့ ခက်ခဲတာကြောင့် ရွာကို ပြန်လာနေတာက ရွာထဲမှာ တနေကုန်နေတာ မဟုတ်ဘူး ။ကျောက်ကျင်းမှာ မနက် ကနေ ညနေစောင်းထိ အလုပ်လုပ်ပြီးမှ ပြန်လာတာမျိုးပဲရှိတယ်။”ဟု ၄င်းကပြောသည်။

စွပ်စွဲခံထားရသူ အမျိုးသားသည် မိန်းကလေးငယ်၏ ဖခင်နှင့်ဆွေးမျိုးတော်စပ်သူဖြစ်ပြီး အိမ်ထောင်ရှိသူလည်း ဖြစ်ကာ  ကျောက်ခွဲစက်လုပ်သားတစ်ဦးဖြစ်ကြောင်း  ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ အမှုအတွက်  တစ်လ ကျော်ကြာသည့်အချိန်တွင် အဆိုပါ အမျိုးသားကို တရားစတင်စွဲဆိုတော့မည်ဖြစ်သည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required