၂၀၂၀ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရအောင် လုပ်သွားမည်ဟု ကချင်ပါတီ ကြွေးကြော်

၂၀၂၀ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရအောင် လုပ်သွားမည်ဟု ကချင်ပါတီ ကြွေးကြော်
ဓာတ်ပုံ- Kachin State People's Party - KSPP

ရန်ကုန် ၊ စက်တင်ဘာ ၂၃ ။              ။ ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်လွှတ်တော်၌ နေရာအများစု အနိုင်ရရှိအောင်ကြိုးပမ်းသွားမည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက မဇ္စျိမသို့ အတည်ပြုပြောဆိုလိုက်သည်။

“မဲဆန္ဒနယ် အနည်းဆုံး ၂၀ တော့ အနိုင်ရအောင် လုပ်သွားမယ်။ ဒီထက်လည်း ပိုချင်ပိုမှာပေါ့။ အနည်းဆုံးတော့ ၂၀ ပဲ” ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်အတွင်း၌ မြို့နယ် ၁၈ မြို့နယ်ရှိပြီး ပြည်နယ်လွှတ်တော်အတွက်မဲဆန္ဒနယ် ၃၆ နေရာ ရှိနေကာ ယင်းတို့အထဲမှာ နေရာ ၂၀ ကို အနိုင်ရရှိအောင် ကြိုးစားသွားမည် ဖြစ်ကြောင်း ၊  ပြည်နယ်လွှတ်တော်၌ နေရာ အများစုအနိုင်ရရှိပါက ပြည်နယ်အစိုးရအား ထိန်းကျောင်းနိုင်မည်ဟု ဒေါက်တာမနမ်တူးဂျာကဆိုသည်။

 “ပြည်သူလူထု လိုလားတဲ့ပုံစံမျိုးနဲ့ လူထုထောက်ခံတဲ့ မဲဆွယ်ဗျူဟာမျိုးနဲ့ သွားနိုင်ဖို့ ရွယ်ရည်ပါတယ်” ဟု ဒေါက်တာ မနမ်တူးဂျာက ပြောသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ပြည်နယ်တွင်း အင်အားကြီးပါတီများဖြစ်သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) နှင့် စည်းလုံးညီညွှတ်ရေး နှင့်ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)တို့မှ ပူးပေါင်းထားသည့် ပါတီလည်းဖြစ်သည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ခိုင်ဖြိုးပါတီ(USDP) တို့နှင့် အဓိက ယှဉ်ပြိုင်ရန် တိုင်းရင်းသားပါတီများအနေဖြင့် ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းကာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

ဒေသကိုယ်စားပြုအဖြစ် ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)၊ မွန်ညီညွတ်ရေးပါတီ(MUP) ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ( KNDP) ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ( KSDP) ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( CNLD) တို့ကို သက်ဆိုင်ရာ လူမျိုး ပြည်နယ်အလိုက် ကိုယ်စားပြုဖွဲ့စည်းတည်ထောင်ပြီး လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly