ရန်ကုန်၊ စက်တင်ဘာ ၂၂ ။ ။ အင်္ဂလန်ပရီးမီးယားလ်ဂ်မှ မန်ချက်စတာယူနိုက်တက်အသင်းနှင့် ပြည်တွင်းဘဏ်တစ်ခုဖြစ်သည့် စီဘီဘဏ်တို့ ၅ နှစ်သက်တမ်းရှိ အကျိုးတူပူးပေါင်းဆောင်ရွက်မှုစာချုပ် စက်တင်ဘာ ၂၂ ရက်က ချုပ်ဆိုလိုက်သည်။
အဆိုပါ ပူးပေါင်းမှုအရ လာမည့်အောက်တိုဘာလမှ စတင်ကာ စီဘီဘဏ်၏ CB Prepaid Card နှင့် Debit Card၊ Credit Card တို့ကို မန်ချက်စတာယူနိုက်တက်၏ အမှတ်တံဆိပ်ဖြင့် ထုတ်ဝေသွားမည်ဖြစ်သည်။
“မန်ယူက မြန်မာပြည်မှာလည်း အမာခံပရိသတ်လည်း ရှိတယ်။ အားပေးတဲ့လူဦးရေလည်း များတယ်။ ကျွန်တော်တို့မှာရှိတဲ့ ကာစတန်မာတွေအပြင် မန်ယူကာစတန်မာတွေ ပါဝင်လာမယ်ဆိုတာကို ကျွန်တော်တို့က ယုံကြည်တယ် ”ဟု CB Bank ကဒ်ဌာန အထွေထွေမန်နေဂျာ ဦးဇေယျာအောင်က ပြောသည်။
စာချုပ် ချုပ်ဆိုမှုကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ The Wyndham ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မန်ယူမှ တာဝန်ရှိသူများ လာရောက်ခဲ့သည်။
ထို့ကြောင့် စီဘီဘဏ်အနေဖြင့် မန်ယူလိုဂိုပါ Visa ကဒ် အမျိုးအစား လေးမျိုး၊ MPU ကဒ်ဖြင့် အမျိုးအစား နှစ်မျိုးဖြင့် ဝန်ဆောင်မူအသစ်ပေးသွားမည် ဖြစ်ပြီး စီဘီဘဏ်ကဒ် ကိုင်ဆောင်သူများအနေဖြင့်လည်း အဆိုပါ မန်ယူလိုဂိုပါကဒ်များဖြင့် ပြန်လည်လှဲလှယ်နိုင်သည်ဟုလည်း သိရသည်။
မန်ယူအမှတ်တံဆိပ်ပါ စီဘီဘဏ်ကဒ် အသုံးပြုသူများအနေဖြင့် Point များ ရရှိမည်ဖြစ်ပြီး Point ၅၀၀၀၀ နှင့် အထက် ရရှိသူများကို ကံစမ်းမဲနှိုက်ကာ လာမည့် ၂၀၂၀ ခုနှစ်၊ မတ်လ သို့မဟုတ် ဧပြီလအတွင်း အိုးထရက်လ်ဖို့ဒ်တွင် ကျင်းပမည့် မန်ယူအသင်းပွဲစဉ်တစ်ပွဲကို သွားရောက်ကြည့်ရှုခွင့် ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန်ယူအသင်းပြတိုက်ကိုလည်း လေ့လာခွင့် ရရှိမည်ဖြစ်ကာ ကံစမ်းမဲကို တစ်နှစ်လျှင် တစ်ကြိမ် ပြုလုပ်မည် ဖြစ်ကာ လက်မှတ်တစ်စောင်လျှင် နှစ်ယောက် သွားခွင့်ရမည် ဖြစ်သည်။
အဆိုပါ မန်ယူခရီးစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်ကို စီဘီဘဏ်ဘက်မှ ထုတ်ပြန်ပေးသွားမည် ဟု သိရသည်။
အင်္ဂလိန် ပရီးမီးယားလိဂ်၏ ဘောလုံးအသင်းတစ်သင်းဖြစ်သော မန်ချက်စတာယူနိုက်အသင်းသည် မြန်မာနိုင်ငံမှ ပရိသတ်များ အားပေးမှု ရရှိထားသော အသင်းတစ်သင်း ဖြစ်သည်။