ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်နေသော ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးလှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်

ကမ္ဘာတစ်ဝှမ်းတွင် ပြုလုပ်နေသော ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးလှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်
ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးမြန်မာ လှုပ်ရှားမှုတစ်ရပ်ကို စက်တင်ဘာ ၂၂ ရက်က ရန်ကုန်တွင် ပြုလုပ်ခဲ့စဉ်။ ဓာတ်ပုံ-သူရ၊မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။         ။ ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးလှုပ်ရှားမှု Global Climate Strike Myanmar လှုပ်ရှားမှုတစ်ရပ်ကို စက်တင်ဘာ ၂၂ ရက်က လူအင်အား ၂၀၀ ခန့်ဖြင့် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

လူငယ်‌များ၊ လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသား‌များ အဓိကဦးဆောင်ပြီး ဗိုလ်ချုပ်စျေးသစ်ရှေ့မှ ဆူးလေ အထိ ချီတက်ခဲ့ကြကာ မဟာဗန္ဓုလပန်းခြံရှေ့တွင် စုဝေးခဲ့ကြခြင်း ဖြစ်သည်။

“ တစ်ကမ္ဘာလုံးက ရာသီဥတုဆိုင်ရာ နောက်ဆုံးအရေးပေါ်အခြေအနေ Climate Emergency ကို ကြုံနေရပြီ ဖြစ်တယ်။ ဒါကို သိပ္ပံပညာရှင်တွေကရော၊ လေ့လာမှုတွေကရော အခိုင်အမာ ပြောထားပြီးသား ဖြစ်တယ်။ တစ်ကမ္ဘာလုံးမှာ ရာသီဥတုပျက်စီးမှုနဲ့ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကို ဆန့်ကျင်တိုက်ဖျက်ဖို့ အစိုးရတိုင်း၊ အဖွဲ့အစည်းတိုင်း၊ လူသားတိုင်းမှာရော တာဝန်ရှိတာဖြစ်တယ်” ဟု ပွဲဦးဆောင်ကျင်းပသူတစ်ဦးက ပြောသည်။

ရာသီဥတုကပ်ဘေး တိုက်ဖျက်ရေးလှုပ်ရှားမှု မြန်မာ (Strike for Climate Myanmar) အနေဖြင့် အခြေခံ တောင်းဆိုချက် သုံးချက် ရှိပြီး (၁) အစိုးရအနေဖြင့် ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေကို တရားဝင် အသိအမှတ်ပြုပြီး ထိရောက်လုံလောက်သည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ရန်၊ (၂) သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ဖြစ်စေသည့် စီမံကိန်းများ အားလုံး အမြန်ဆုံးရပ်ဆိုင်းရန်၊ (၃) လူမှုအဖွဲ့အစည်းအားလုံးအတွက် သဘာဝပတ်ဝန်းကျင်ရေးရာ တရားမျှတမှု ရရှိစေရန် တို့ ဖြစ်သည်။

Climate Strike Movement ကို မြန်မာနိုင်ငံမှ ပါဝင်သင့်သည်ဟု ယူဆပြီး ပြီးခဲ့သည့် မေ ၂၄ ရက်နေ့က ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှ စတင်ပါဝင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရာသီဥတု ပြောင်းလဲမှုများသည်  စိုးရိမ်စရာကောင်းသည့်အခြေအနေရှိကြောင်း၊ ရာသီဥတုကပ်ဘေးအတွက် အရေးတကြီး ထည့်သွင်းစဉ်းစားပြီး မူဝါဒချမှတ်မှုများ ဆောင်ရွက်ရန်၊ လုပ်ငန်းအစီအစဉ်များ အကောင်အထည် ဖော်ရန် ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းနှိုးဆော်သင့်ကြောင်း ယူဆသောကြောင့် အဆိုပါလှုပ်ရှားမှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း Strike for Climate Myanmar တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်တွင် တောင်များ မြေတူးခြင်းကြောင့် မွန်ပြည်နယ်တွင် လူ ၆၉ ဦးအထိ သေဆုံးခဲ့ရသည့် မြေပြိုမှု ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံမှုဘေး အကြီးအကျယ် ခံစားခဲ့ရသည်။

Climate Strike Movement သည် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၂ဝရက်နေ့မှာ ဆွီဒင်နိုင်ငံမှ အသက် ၁၅နှစ်အရွယ် ကျောင်းသူ Greta Thunberg သည် ကမ္ဘာတစ်ဝှမ်းကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျပ်အတည်းအတွက် မူဝါဒချမှတ်၊ ဖြေရှင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းလှုံ့ဆော်သည့် အနေဖြင့် စတော့ခ်ဟုမ်းမြို့က ဆွီဒင်လွှတ်တော်အဆောက်အဦရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့ရာမှ အစပြုခဲ့သည်။

ထို့နောက် အချိန်တိုအတွင်း လူသိများလာကာ Climate Strike Movement ကို ကမ္ဘာနှင့်အဝှမ်း ပြုလုပ်ခဲ့ကြပြီး ယခု တတိယအကြိမ်လှုပ်ရှားမှု ဖြစ်သည်။

မတ်လတွင် ပထမအကြိမ်၊ မေ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီး ယခု စက်တင်ဘာလ ၂ဝမှ ၂၇ ရက် အတွင်း Global Climate Strike Week အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့သမိုင်းတစ်လျှောက် အကြီးမားဆုံး ရာသီဥတုရေးရာလှုပ်ရှားမှုကို ပြုလုပ်နေကြခြင်း ဖြစ်သည်။

--

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly