စပိန်နိုင်ငံသားဖြစ်ခွင့်ရပြီး ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ပါဝင်ကစားခွင့်ရတော့မယ့် ဘာစီလိုနာရဲ့ တောက်ပလာမယ့် လူငယ်ကြယ်ပွင့် ဖာတီ

စပိန်နိုင်ငံသားဖြစ်ခွင့်ရပြီး ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ပါဝင်ကစားခွင့်ရတော့မယ့် ဘာစီလိုနာရဲ့ တောက်ပလာမယ့် လူငယ်ကြယ်ပွင့် ဖာတီ
Photo: EPA

ဘာစီလိုနာအသင်းရဲ့ တောက်ပလာမယ့် အသက် (၁၆)နှစ်အရွယ် ကြယ်ပွင့်ကစားသမားလေး အန်ဆူဖာတီဟာ စပိန်နိုင်ငံသားအဖြစ် ခံယူခွင့်ပြုထားပြီးဖြစ်တာကြောင့် စပိန်အသင်းနဲ့အတူ လာမယ့် ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားခွင့်ရရှိသွားမှာဖြစ်ပါတယ်။

ဖာတီဟာ သြဂုတ်လ ၂၅ ရက်နေ့က ဘာစီလိုနာအသင်းနဲ့ ပထမဆုံး ပွဲဦးထွက်ကစားခဲ့ပြီး တစ်လပင်မကြာပဲ သောကြာနေ့က စပိန်အစိုးရက ဖာတီကို နိုင်ငံသားဖြစ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

သူဟာ အသက် (၁၆)နှစ်နဲ့ (၂၉၅)ရက်အရွယ်မှာ ကာတလန်ပထမအသင်းကြီးနဲ့ ပထမဆုံးပွဲထွက်ခွင့်ရတဲ့ ဒုတိယမြောက် အသက်အငယ်ဆုံးကစားသမားဖြစ်လာပါတယ်။ သူ့ရဲရှေ့မှာတော့ ၁၉၄၁-၁၉၄၂ ရာသီက အသက် (၁၆)နှစ်နဲ့ (၂၈၀)ရက်အရွယ်မှာ စီနီယာအသင်းနဲ့ ပထမဆုံးပွဲကစားခဲ့တဲ့ မာတီနက်ဇ် အာလားမာပဲဖြစ်ပါတယ်။

ဂီနီ-ဘီစောနိုင်ငံသား ဖာတီဟာ သြဂုတ်လ ၃၁ ရက်က အိုဆာဆူနာအသင်းကို (၂-၂)ဂိုးနဲ့ သရေကျတဲ့ပွဲမှာ ချေပဂိုးသွင်းယူပြီး ရာကီတစ်နဲ့ မက်ဆီတို့ကို ကျော်ဖြတ်ကာ အသက် (၁၆)နှစ်နဲ့ (၃၀၄)ရက်အရွယ်မှာ လာလီဂါမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ဘာစီလိုနာကစားသမားဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ရက်က ဆွေးနွေးပွဲအတွင်း ဖာတီကို နိုင်ငံသားဖြစ်ခွင့်အတွက် တရားရေးဝန်ကြီး ဒေါ်လိုရစ် ဒယ်ဂါဒိုရဲ့ ပန်ကြားချက်အရ တော်ဝင်အမိန့်တစ်ရပ်ကို စပိန် ကောင်စီဝန်ကြီးများက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဖာတီဟာ လာမယ့် အောက်တိုဘာ ၂၆ ရက်မှ ဘရာဇီးလ်မှ ကျင်းပပြုလုပ်မယ့် ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ယှဉ်ပြိုင်ပါဝင်ခွင့် ရှိတာဖြစ်ပါတယ်။

တော်ဝင်စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ အမျိုးသားအားကစားရေးရာကောင်စီရဲ့ ထောက်ခံမှုဖြင့် တောင်းဆိုပန်ကြားချက်ကို တင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

(EFE-EPA)

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly