မန္တလေးတွင် ကမ်းပါးပြိုမှုကာကွယ်ရေးလုပ်ငန်းများအတွက် တိုင်းတာမှုများပြုလုပ်နေ

မန္တလေးတွင် ကမ်းပါးပြိုမှုကာကွယ်ရေးလုပ်ငန်းများအတွက် တိုင်းတာမှုများပြုလုပ်နေ
ဓါတ်ပုံ-ဦးတိုးအောင်လင်း

မန္တလေး၊ စက်တင်ဘာ ၂၀ ။           ။ မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကနဦး တိုင်းတာရေးလုပ်ငန်းများကို အောက်တိုဘာလအတွင်း အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း က ပြောသည်။

"အောက်တိုဘာလဆို ရေနည်းနည်းပြန်ကျပြီ။ ရေကျတဲ့အချိန်မှ လုပ်ရတာ အဆင်ပြေတယ်။ အဲ့ဒီအချိန်မှာ နေရာတစ်ခုချင်းစီအလိုက် ရေကြောင်းတိုင်းတာရေးတွေ ပြန်လုပ်ရမယ် ။ မြေစမ်းသပ်တဲ့ လုပ်ငန်းတွေ လုပ်ရမယ်။"ဟုဦးတိုးအောင်လင်း က ပြောသည်။

ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပါးပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင် ရန်အတွက် ကျပ်သန်း ၅၃၀၀ အသုံးပြုရန် လျာထားထားပြီး မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ အထိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တိုင်းတာရေးလုပ်ငန်းများ ပြီးစီးပါက ဒီဇိုင်းဆွဲခြင်း ၊ ဒီဇိုင်း အတည်ပြုချက်ယူခြင်း၊ တင်ဒါ ခေါ်ခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဦးတိုးအောင်လင်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို သပိတ်ကျင်းမြို့နယ်တွင် လေးရွာ ၊ စဉ့်ကူးမြို့နယ်တွင် လေးရွာ ၊ မတ္တရာမြို့နယ်တွင် သုံးရွာ ၊ အမရပူရမြို့နယ်တွင် တစ် ရွာ၊ စဉ့်ကိုင်မြို့နယ်တွင် တစ်ရွာ ၊ ငါးဇွန်မြို့နယ်တွင် နှစ်ရွာ ၊ မြစ်သားမြို့နယ်တွင် တစ်ရွာ ၊ တံတားဦး မြို့နယ်တွင် တစ်ရွာ ၊ တောင်သာမြို့နယ်တွင် တစ်ရွာ ၊ ပုသိမ်ကြီးမြို့နယ်တွင် တစ်ရွာ၊ ညောင်ဦး မြို့နယ်တွင် တစ်ရွာ စသဖြင့် လုပ်ဆောင်သွားရန်လျာထားကြောင်း သိရသည်။

ယခင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်း များကို ကျေးရွာ၁၅ ရွာနှင့်ရေလမ်းကြောင်းကောင်းမွန်ရေးလုပ်ငန်း ၄ခုကို ဧရာဝတီမြစ်အတွင်း စဉ်ကူး၊ မတ္တရာ၊ မြင်းခြံ စသည့်မြို့နယ်များတွင် ငွေကျပ်သန်း ၅၂၀၀ အသုံးပြုလုပ်ဆောင်ခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly