BPI စက်ရုံမှူးသည် အထက်အမိန့်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်၍ အဂတိနှင့်ညီညွတ်ခြင်းမရှိဟု ဆို

BPI စက်ရုံမှူးသည် အထက်အမိန့်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်၍ အဂတိနှင့်ညီညွတ်ခြင်းမရှိဟု ဆို

ရန်ကုန်၊ စက်တင်ဘာ ၁၉ ။            ။ BPI ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းအတွက် ကော်စေ့ ၂၆ တန် ဝယ်ယူခဲ့ရာမှာ အထက်အဖွဲ့အစည်းအမိန့်အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် အဂတိတိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ညီညွှတ်ခြင်း မရှိကြောင်း စက်ရုံမှူး ဒေါက်တာအောင်ဇော်၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောဆိုလိုက်သည်။

“ စက်ရုံမှာ ကုန်ကြမ်းပြတ်လပ်နေတဲ့အတွက်၊ ထုတ်လုပ်မှုအမှာစာတွေကိုလည်း အားချင်း ဆောင်ရွက်နေရတဲ့အတွက် ကုန်ကြမ်း ပြတ်လပ်နေတာကို သူ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို စာအားဖြင့်လည်း အထက်ရုံးအသီးသီးကို တင်ပြခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။ ထို့အတူပဲ နှုတ်နဲ့လည်း ဦးဆောင်ညွှန်ကြားရေးမှူး ၊ အခြားအရာရှိတွေနဲ့ အတူ တင်ပြခဲ့တာတွေလည်း ရှိပါတယ်။ ဦးဆောင်ညွှန်ကြားရေးမှူး ကိုယ်တိုင်က ဒီ ထုတ်လုပ်မှုကိုတော့ ရပ်လို့မရဘူး။ ဒီ ဆေးဝါးတွေကို ဖြန့်ဝေဖို့ အင်မတန် အရေးကြီးနေတဲ့အတွက် ဘူးတွေ ထုတ်လုပ်ဖို့ ကော်စေ့တင်ဒါအောင်ထားတဲ့ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် ဆောင်ရွက်ပါလို့ ညွှန်ကြားမှုရရှိခဲ့တယ်။ အဲ့အတွက်ကြောင့် တင်ဒါအောင်တဲ့ Suntec ကုမ္ပဏီနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် စာအားဖြင့်ရော နှုတ်အားဖြင့်ရော တင်ပြပြီး ဆောင်ရွက်တာဖြစ်ပြီး အထက်အဖွဲ့အစည်း အမိန့်အရ ဆောင်ရွက်တာဖြစ်တဲ့အတွက် သူ့တာဝန်ကို အလွဲသုံးစားလုပ်တယ်လို့ မပေါ်ပေါက်ပါဘူး” ဟု ဒေါက်တာအောင်ဇော်၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အင်းစိန်မြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က  ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန် ကို BPI စက်ရုံမှူး ဒေါက်တာ အောင်ဇော်သည် လုပ်ထုံးလုပ်နည်းနှင့်အညီ ဝယ်ယူခြင်းမရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေသည့်အတွက်ဟု ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ယနေ့ ဒုတိယအကြိမ် ရုံးထုတ်တွင် အင်းစိန်မြို့နယ်တရားရုံးမှ လာမည့်  အောက်တိုဘာ ၂ ရက်နေ့ထိ ရမန် ထပ်ပေးလိုက်ကြောင်း သိရသည်။

"ဒီကနေ့ကတော့ မူလသိထားတာက တိုင်းတရားလွှတ်တော်မှာ ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတင်မယ်လို့ သိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်က တရားစွဲ အဖွဲ့အစည်းတွေအနေနဲ့ အမှုစွဲတင်နိုင်ဖို့ အမှုတည်ဆောက်တဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် တရားစွဲမတင်သေးဘဲနဲ့ ဒီနေ့ ချုပ်ရမန်ပဲ ထပ်ပေးလိုက်တာပါ။"ဟု ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

စက်ရုံမှူး ဒေါက်တာအောင်ဇော်အား စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးထားခြင်းဖြစ်ပြီး စက်တင်ဘာ ၉ ရက်က ပထမအကြိမ် အင်းစိန်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အဆိုပါ ကော်စေ့ ၂၆ တန်မှာ မှာယူထားခြင်းပဲ ရှိသေးပြီး ပေးချေရန် ဘတ်ဂျက်တင်ပြတောင်းခံထားဆဲ ဖြစ်သောကြောင့် နိုင်ငံ့ဘဏ္ဍာကို ထုတ်ယူသုံးစွဲထားခြင်း မရှိကြောင်း၊ အဂတိတိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ညီညွှတ်ခြင်း မရှိသည့်အတွက် ဥပဒေနှင့်အညီ ခုခံသွားမည့်အကြောင်း တရားစွဲဆိုခံထားရသူ ဒေါက်တာအောင်ဇော်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ဦးခင်မောင်မြင့်က ဆိုသည်။

လက်ရှိတွင် တရားစွဲတင်လိုက်မည်ဆိုပါက ဒေါက်တာအောင်ဇော်ဘက်မှ ခံပြသက်သေအနေဖြင့် ၁၅ ဦး တင်သွင်းသွားမည် ဖြစ်ကြောင်း ပညာရှင်သက်သေ ၅ ဦး ပါဝင်မည်ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက် ရုံးချိန်းတွင်လည်း BPI ဆေးဝါးစက်ရုံဝန်ထမ်းများက ဖမ်းဆီးစစ်ဆေး ခံနေရသော စက်ရုံမှူးဘက်မှ လာရောက် ဝန်းရံခဲ့ပြီး "ကိုယ်ကျိုးမဖက် -BPI အတွက် ဆောင်ရွက်တဲ့ စက်ရုံမှူးကို ဝန်းရံဖို့ စက်ရုံဝန်ထမ်းများ" ဆိုသည့်စာသားများပါ စာရွက်ကိုင်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

BPI ဆေးဝါးစက်ရုံ(အင်းစိန်)သည် ခေတ်မီဆေးဝါးများထုတ်လုပ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန်ကြီးဌာန စသည့် အစိုးရဌာနဆိုင်ရာများအပါအဝင် အများပြည်သူသို့  ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly