ဝင်းနှင့်ဇော်အတွက် တောင်းဆိုစာတင်ရာတွင် ထိုင်းနှင့် အာဆီယံအရပ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မည်

ဝင်းနှင့်ဇော်အတွက် တောင်းဆိုစာတင်ရာတွင် ထိုင်းနှင့် အာဆီယံအရပ်ဖက် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ။           ။ သေဒဏ်အယူခံပယ်ချခံထားရသည့် မြန်မာနိုင်ငံသား ဝင်းနှင့် ဇော်တို့အတွက် မြန်မာနိုင်ငံမှ အရပ်ဖက် အဖွဲ့အစည်းများက ထိုင်းဘုရင်ထံ တောင်းဆိုစာတင်ရန်ကြိုးပမ်းနေပြီး ထိုင်းနှင့် အာဆီယံအရပ်ဖက် အဖွဲ့အစည်းများကလည်း ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အဲ့တော့ ဘုရင်မင်းမြတ်အနေနဲ့လည်း ဒီကိစ္စက မြန်မာနိုင်ငံသားမို့လို့ မြန်မာတွေ တောင်းဆိုတာ မဟုတ်ဘဲ အာဆီယံ ၁ဝ နိုင်ငံ၊ ၁၁ နိုင်ငံ၊ အထူးသဖြင့် အိမ်ရှင်ထိုင်းနိုင်ငံက လူတွေကိုယ်တိုင်က ဒါကို တောင်းဆိုတယ်ဆိုတော့ ဒါက သူ့အနေနဲ့ စဉ်းစားဆင်ခြင်စရာပိုများလာမယ်လို့ ယူဆတယ်။ မြန်မာ မို့လို့ တောင်းကြတာမဟုတ်ဘူး။ အထူးသဖြင့် ဒါက လူ့အခွင့်အရေးကိစ္စ၊ သူ့ရဲ့ Legal Process မှာ လွဲမှားနေတဲ့ အချက်တွေရှိတယ်။ အတင်းအကြပ် ရဲကနေ ဝန်ခံခိုင်းခဲ့တဲ့ အချက်တွေဖြစ်တယ်။ အဲ့ဒါ ကြောင့် အဲ့ဒီပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချတာဟာ ဘယ်လိုမှ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက် မဖြစ် နိုင်ဘူး။ အဲ့ဒါကို ပြန်လည်သုံးသပ်ဖို့ ပြောတာဖြစ်ပါတယ်” ဟု ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောသည်။

ယခုစက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ACSC/APF ဖိုရမ်၌ ဝင်းနှင့်ဇော်ကို လွှတ်ပေးရေးအတွက် တက်ရောက်ခဲ့သော မြန်မာနိုင်ငံမှ အရပ်ဖက်အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များက ပြောဆိုတင်ပြမှုများပြုလုပ်ခဲ့ပြီး တက်ရောက်လာသော အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် တစ်ထောင်အနက် ငါးရာခန့်က တောင်းဆိုမှုတွင် ပါဝင်ကာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

“ပထမဆုံးက အမြင်မှားနေတာတွေ၊ သတင်းမှားတွေကို ကျွန်တော်တို့ ပြင်လာနိုင်ခဲ့တယ်။ လက်မှတ် ကောက်တဲ့အခါ ကျွန်တော်တို့ချည်းပဲ ကောက်တာ တစ်ရာကျော်ပဲ ရတယ်။ ထိုင်းက သူ့အဖွဲ့တွေကို ကောက်ခိုင်းတာ လေးရာကျော်ရခဲ့တယ်။ ဘယ်လောက်အထိ အောင်မြင်မှုရမလဲဆိုရင်တော့ အဲ့ဒါ ကျွန်တော်တို့အပေါ် မူမတည်ဘူး။ ထိုင်းဘုရင်မင်းမြတ်ပေါ်ပဲ မူတည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတစ်ယောက်ပဲ ဆုံးဖြတ်ချက်ချရတာဖြစ်တယ်။ ကျွန်တော်တို့ကတော့ လွဲမှားမှုတွေ ရှိနေတယ်။ ဒါ့ကြောင့် လွှတ်ပေးပါလို့ ဆိုတာ။ သူ့ဆင်ခြင်တုံတရားနဲ့ စေတနာပေါ်မူတည်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာအရပ်ဖက်အဖွဲ့အစည်းများနှင့် ထိုင်းအရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ထိုင်းဘာသာဖြင့် ရေးသားထားသည့် ဝင်းနှင့် ဇော်ကို လွှတ်ပေးရေးတောင်းဆိုစာကို စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ထိုင်းဘုရင်ထံ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လိပ်ကျွန်းလူသတ်မှုမှ သေဒဏ်ချခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ သက်ညှာပေး ရန် စဉ်းစားပေးစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း ဝင်းနှင့် ဇော်တို့ကို သွားရောက် တွေ့ဆုံခြင်းနှင့် ထိုင်းဘုရင်ထံ အသနားခံစာတင်ရေးအတွက် ထိုင်းရှေ့နေများကောင်စီနှင့် ဆွေးနွေးမှု တို့ကိုလည်း ပြုလုပ်ခဲ့သေးသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly