မျက်စိဖွင့်၊ နားစွင့်ပြီး နှလုံးသားနှင့် ခံစားရန် ယန်ဟီးလီက ဒေါ်အောင်ဆန်းစုကြည်အား ပန်ကြား

မျက်စိဖွင့်၊ နားစွင့်ပြီး နှလုံးသားနှင့် ခံစားရန် ယန်ဟီးလီက ဒေါ်အောင်ဆန်းစုကြည်အား ပန်ကြား
Photo: Salvatore Di Nolfi/EPA

စက်တင်ဘာ ၁၉ ၊ ၂၀၁၉ ။                ။ အခြေအနေတွေ အရမ်း နောက်မကျခင် နှလုံးသားနဲ့ ခံစားဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက အနူးအညွတ် ပန်ကြားလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဒုက္ခသည်တွေအနေနဲ့ ပြန်လာချင်စိတ် ရှိတယ်ဆိုရင်တောင်မှ သူတို့အတွက် ပြန်လာစရာ နေရာအနည်းငယ်သာ ရှိနေတယ်လို့ သူမက ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက အခြေအနေဟာ အလွန် စိုးရိမ်စရာ ကောင်းနေကြောင်း ယန်ဟီးလီက လူ့အခွင့်အရေး ကောင်စီထံ ပြောခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲနိုင်ပြီးနောက် လေးနှစ်နီးပါးအတွင်း အခြေအနေတွေဟာ သူမနဲ့ အခြားသူတွေ မျှော်လင့်ခဲ့တဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့လည်း ယန်ဟီးလီက ဆိုပါတယ်။

“ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ကျွန်မ တစ်ခု မေးချင်ပါတယ်၊ လွတ်လပ်တဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာဖို့ သူမရဲ့ မဆုတ်မနစ် တိုက်ပွဲဝင်လာခဲ့တဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေ ကာလအတွင်း သူမ တကယ်တမ်း ဖြစ်စေချင်ခဲ့သလိုမျိုး ဒီကနေ့ မြန်မာနိုင်ငံဟာ ဖြစ်နေပြီလား ဆိုတာပါ၊ ဒီတော့  မျက်စိဖွင့်၊ နားစွင့်၊ နှလုံးသားနဲ့ ခံစားဖို့ ကျွန်မ အနူးအညွတ် ပန်ကြားချင်ပါတယ်၊ ကျေးဇူးပြုပြီး ရှင့်ရဲ့ ကျင့်ဝတ်ဆိုင်ရာ စံနမူနာပြ ဦးဆောင်လုပ်ကိုင်နိုင်မှုကို အချိန်တွေ သိပ်နောက်မကျခင် အသုံးချလိုက်ပါ” လို့ ယန်ဟီးလီက ပြောသွားပါတယ်။

နိုင်ငံတကာက ဝေဖန်ပြစ်တင်နေပေမယ့် မြန်မာ အာဏာပိုင်တွေအနေနဲ့ ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာ ဟု ဖော်ပြ) တွေအပေါ် စနစ်တကျ အကြမ်းဖက်၊ နှိပ်စက်မှုတွေကို ဖြိုခွင်းဖို့ ဘာမှ မလုပ်ထားနိုင်ခဲ့ဘူးလို့ သူမက ပြောပါတယ်။ ဒါ့အပြင် ရခိုင်မှာ ဆက်နေထိုင်နေတဲ့ ဘင်္ဂါလီတွေဟာလည်း အလားတူ ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ ကြုံနေတယ်လို့ ဆိုပါတယ်။

“ သူတို့ဟာ နိုင်ငံသားဖြစ်ခွင့်၊ အသိအမှတ်ပြုခံရမှုတို့ ငြင်းပယ်ခံနေရပါတယ်၊ ပုံမှန် အကြမ်းဖက်မှုနဲ့ ကြုံနေရပါတယ်၊ သူတို့ဟာ လွတ်လပ်စွာ မသွားလာနိုင်ဘူး၊ အစားအသောက်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ အသက်မွေးမှု၊ ဝန်ဆောင်မှုတွေနဲ့ ထိတွေ့လက်ခံရရှိနိုင်မှု နည်းပါးနေရတယ်”လို့ သူမက ဆိုပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ အေအေ အကြား တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ယန်ဟီးလီက ပြောပါတယ်။ အရပ်သား ဧရိယာတွေအတွင်း လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ၊ မြေမြုှပ်မိုင်းတွေကို လက်လွတ်စပယ် သုံးနေတယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေကြောင်း၊ ဒီအတွက်ကြောင့် အရပ်သားတွေလည်း သေဆုံးနေရကြောင်း၊ ဒီအတွက် စိုးရိမ်မိကြောင်း သူမက ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly