မြေပေါ်သို့ ပေါ်နေသော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမည်ကို ဒေသခံများ စိုးရိမ်

မြေပေါ်သို့ ပေါ်နေသော ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမည်ကို ဒေသခံများ စိုးရိမ်

မကွေး၊ စက်တင်ဘာ ၁၈ ။          ။ မကွေးတိုင်းဒေသကြီး၊မကွေးမြို့နယ်၊ကြာကန်ကျေးရွာတွင် လူနေအိမ်တစ်ချို့နှင့်ကားဂိတ်တန်းအနီး မြေပေါ်သို့ ပေါ်နေသော ဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲကာ အန္တရာယ်ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

“ကြာကန်ကျေးရွာက အိမ်တစ်ချို့နဲ့ ကားဂိတ်နားကဆိုင်တွေအနီး ဖြတ်သန်းသွားတဲ့ ဓါတ်ငွေ့ ပိုက် လိုင်းတွေ မြေပေါ်ပေါ်နေပြီး သံချေးတက်နေတာကို Facebook ကနေ တင်လိုက်ပါတယ်။ တင်ပြီး နောက်နေ့ စက်တင်ဘာ၁၆ရက်နေ့က လာပြုပြင်ပါတယ်။ သံချေးစားနေတဲ့နေရာတွေကို သင်္ဘော ဆေးသုတ်ပြီး အပြင်ကနေပလပ်စတစ် တိပ်ပတ်ပြီးအုပ်ခဲ့ကြတယ်။ ပြီးတော့ လက်တစ်ဆစ် လောက် အနက်မှာ ပြန်မြှုပ်ခဲ့ကြတော့ဒါကို ဒေသခံတွေက စိုးရိမ်နေကြရပါတယ်”ဟု ကြာကန်ကျေးရွာ မှ ကိုဇော်မင်းထိုက်က ပြောသည်။

အဆိုပါဓါတ်ငွေ့ပိုက်လိုင်းသည် ပြီးခဲ့သည့်၂ဝဝရခုနှစ်က ရေနံချောင်းမြို့နယ်တွင်ရှိသော တရုတ် ဓါတ်ငွေ့ပိုက်လိုင်း မကွေးလိုင်းခွဲမှတဆင့် ပျော်ဘွယ် ရွှေညောင်၊တောင်ကြီး၊လမ်းမအတိုင်း တောင်ကြီး ပင်းပက်၊ တပ်မတော်သံမဏိစက်ရုံသို့ ဓါတ်ငွေပေးပို့ရန် ဖောက်လုပ်သွယ်တန်းကြောင်းသိရသည်။

“သူတို့ပြောတဲ့နေရာတွေကို သံချေးချွတ်ပြီး သံချေးမစားနိင်တဲ့ဆေးသုတ်ပါတယ်။ ပြီးတော့ သံချေးစား ကာကွယ်တိပ်နဲ့ပတ်ပြီး မြေကြီးထဲကိုစနစ်တကျပြန်ဖို့ပါတယ်။ ဒါအန္တရာယ်မရှိပါဘူး” ဟု ဓါတ်ငွေ့ ပိုက်လိုင်းတာဝန်ခံ ဦးစိုးမင်းအောင်က ပြောသည်။

အဆိုပါနေရာတွင် ဓါတ်ငွေ့ပိုက်လိုင်းဖောက်ပြီးနောက် လူများလာရောက်နေထိုင်ကြကြောင်း၊ ပြီး ခဲ့သည့် ၂နှစ်ခန့်တွင် အဆိုပါကိစ္စအတွက် တိုင်းအစိုးရထံ တင်ပြထားပြီး ပိုက်လိုင်းနှင့် ပေ၅ဝအတွင်း လူနေအိမ်များ ဆောက်လုပ်နေထိုင်ခြင်းမပြုရန် သက်ဆိုင်ရာမြို့နယ်များသို့ စာပို့ထားကြောင်း ပိုက် လိုင်းတာဝန်ခံက ပြောသည်။

“ဒီပိုက်လိုင်း တည်ဆောက်တဲ့အချိန် မြေမှာမြှုပ်နှံတဲ့အခါ သတ်မှတ်တဲ့အတိုင်းအတာကိုရောက်အောင် မမြုပ်နှံခဲ့ဘူး။ တစ်ချို့နေရာတွေမှာ မြေပေါ်မှာပေါ်နေတာတွေ တွေ့ရတယ်။ ဒါဟာ သတ်မှတ်စံချိန် စံညွှန်းအတိုင်း မဆောင်ရွက်ခဲ့ဘူးဆိုတာ တွေ့ရတယ်။ သဘာဝဓါတ်ငွေ့ပိုက်လိုင်းက သံချေး အထပ် ထပ် တက်ပြီးတော့မှ ဓါတ်ငွေ့ယိုစိမ့်ပြီးပေါက်ကွဲနိင်တဲ့ အန္တရာယ်ကို ကြာကန်ကျေးရွာပြည်သူတွေက စိုးရိမ်နေကြတယ်” ဟု Magway EITI Watch Group မှ Coordinator ဖြစ်သူ ကိုအိုလာက ပြောသည်။

အဆိုပါပိုက်လိုင်း ဖောက်လုပ်ခဲ့စဉ်က ဖြတ်သန်းခဲ့သည့် လယ်ယာမြေများအတွက် လျော်ကြေး မပေးခဲ့ဘဲ ပျက်စီးဆုံးရှုံး သီးနှံများအတွက် နစ်နာကြေးသာပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly