ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီရန်လိုအပ်ချက်ရှိနေ

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီရန်လိုအပ်ချက်ရှိနေ
Photo - EPA

ရန်ကုန်။စက်တင်ဘာ ၁၈ ။          ။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံပမာဏ(FDI) ကိုအစိုးရက ၅ ဒဿမ ၈ ဘီလီယံမျှော်မှန်းထားခဲ့သော်လည်း ဘဏ္ဍာနှစ်ပြည့်ရန် နှစ်ပတ်အလိုအထိ ၄ဒဿမ၄ ဘီလီယံသာ ဝင်ရောက်ထားသောကြောင့် လိုအပ်ချက်ရှိနေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

“ဘဏ္ဍာနှစ်က မှန်းထားတာကတော့ ၅ဒသမ၈ ဘီလီယံ၊ လက်ရှိက ၄ဒသမ၄ ဘီလီယံဆိုတော့ နည်း နည်းတော့လိုသေးတာပေါ့။ ဒါပေမယ့် အချိန်လေးနည်းနည်း ရှိသေးတော့ လာမယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေရှိရင်လည်း ပြည့်ရင်ပြည့်သွားနိုင်တယ်။”ဟု DICA၏ ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဒေါ်တင်အေး ဟန်ကဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC)တွင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ ၁၄ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၆၂ခုကို ခွင့်ပြု ပေးခဲ့ပြီး၊ ရှိပြီးလုပ်ငန်းများမှ တိုးမြှင့်သည့် ပမာဏအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏ ၄ဒသမ၄ ဘီလီယံထိ ရရှိထားသည်။

ကော်မရှင်အနေဖြင့် လက်ရှိ ဘဏ္ဍာနှစ်တွင် FDI ဝင်ရောက်မှု လျာထားချက် မပြည့်မှီခဲ့ပါက လိုအပ် ချက်ရှိနေသည့် အပိုင်းများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် စင်ကာပူနိုင်ငံက စုစု ပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၃ဝရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ဝင်ရောက်ရင်းနှီးမြှပ်နှံထားကြောင်း သိရသည်။ ထို့အပြင် တရုတ်နိုင်ငံမှ ၂၆ ရာခိုင်နှုန်း ၊ ဟောင်ကောင်မှ ၁၂ရာခိုင်နှုန်းဖြင့် တတိယ နေရာ တွင် ရပ်တည်နေကြောင်း သိရသည်။

“ မှန်းတာက ၅ဒသမ ၈ ပေါ့၊ နောက်ဆုံးမရ ၅ဘီလီယံပေါ့၊ ဆိုရင်ကျန်တဲ့ ဒသမ၈ ဘီလီယံက ဘယ် နေရာမှာ ကျွန်မတို့ရဲ့လိုအပ်ချက်ရှိနေသလဲပေါ့။ ပြုပြင်ပြောင်းလဲတာတွေက ခုနောက်ပိုင်း အရမ်း လုပ်နေတယ်။ ဒီလိုတယ်ဆိုရင် လိုတဲ့ဟာကို ကျွန်မတို့က ပြန်ပြီးတော့ သုံးသပ်ရမှာမျိုးပေါ့” ဟု DICA ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် (၂)ဒေါ်မာလာမျိုးညွှန့်ကဆိုသည်။

လတ်တလော မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ ဗီယက်နမ် စသည့်နိုင်ငံများက စိတ်ဝင်စားမှုမြင့်တက်နေပြီး၊ ဟိုတယ်၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် စက်မှုလုပ်ငန်းတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ ထပ်မံဝင်ရောက်လာရန် ရှိကြောင်း DICA မှသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly