မက္ကဆီကိုမှာ ရေတွင်းထဲ ပလတ်စတစ်အိတ်တွေနဲ့ ထုတ်ပိုးထားတဲ့ ရုပ်အလောင်းပေါင်း ၃၀ နီးပါးကို တွေ့ရှိ

By AFP
18 September 2019
မက္ကဆီကိုမှာ ရေတွင်းထဲ ပလတ်စတစ်အိတ်တွေနဲ့ ထုတ်ပိုးထားတဲ့ ရုပ်အလောင်းပေါင်း ၃၀ နီးပါးကို တွေ့ရှိ

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၁၈ ။         ။ မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဂွါဒါလာဂျာရာမြို့ အပြင်ဖက်က ရေတွင်းအောက်ခြေမှာ ပလတ်စတစ်အိတ်ပေါင်း ၁၁၉ အိတ်နဲ့ ထုတ်ပိုးထားတဲ့ ရုပ်အလောင်းပေါင်း ၂၉ လောင်းကို သေမှုသေခင်းအရာရှိတွေ ဖော်ထုတ်တွေ့ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မက္ကဆီကိုရဲ့ ဒုတိယမြို့တော် ဂွါဒါလာဂျာရာမြို့ကနေ ၄၅ မိနစ် ကားမောင်းသွားရတဲ့ လာပရီမာဗီလာအစွန်ဖျားအရပ်မှာ လူသေရုပ်အလောင်း အပိုင်းအစတွေကို ပလတ်စတစ်အိတ်တွေနဲ့ ထုတ်ပိုးပြီး ရေတွင်းထဲ မြုပ်နှံထားတာကို အခုလ အစောပိုင်းက ဖော်ထုတ်တွေ့ရှိတာပါ။

အဲဒီ လူအစုအပြုံလိုက် မြုပ်နှံထားတဲ့ ရုပ်အလောင်း အပိုင်းအစတွေကို မူခင်းဆေးဆရာဝန်တွေက ဆက်စပ်ပြီး သေဆုံးသူ ၂၉ ဦးရဲ့ ရုပ်အလောင်းတွေအဖြစ် ဖော်ထုတ်တွေ့ရှိတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အလောင်း ၁၃ လောင်းကိုတော့ အပြည့်အစုံ ဆက်စပ်ဖော်ထုတ်ပြီးပြီ။ ၁၆ လောင်းကတော့ မပြီးသေးဘူး။ ဒီ ရုပ်အလောင်း အစုအပုံဟာ လူ ၂၉ ဦးရဲ့ ရုပ်အလောင်း အပိုင်းအစတွေဆိုတာ ဖော်ထုတ်တွေ့ရှိတယ်။”လို့ ဂျာလီစကိုပြည်နယ်ရဲ့ ရှေ့နေချုပ် ဂျာရာဒိုက ပြောပါတယ်။

ဂျာလီစကိုပြည်နယ်ဟာ မူးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ အကြမ်းဖက်မှုတွေ ဒင်းကြမ်းပြည့်နေတဲ့ ပြည်နယ်ပဲ ဖြစ်ပါတယ်။

ရုပ်အလောင်း အပိုင်းအစတွေကို ဆက်စပ်နေတာ လုပ်ဆောင်နေဆဲမို့ သေဆုံးသူ အမှန်ဦးရေဟာ ထပ်တိုးကောင်း တိုးနိုင်တယ်လို့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“မှုခင်းဆေးဆရာဝန်တွေက ရုပ်အလောင်းအပိုင်းအစတွေကို စစ်ဆေးနေပြီး ဆက်စပ်နေတာ ဖြစ်တယ်။ ဒါကြောင့် သေဆုံးသူ ထပ်တိုးကောင်း တိုးလာနိုင်တယ်။”လို့ ပြည်နယ်ရဲ့ လူပျောက်မှုခင်းတွေ အဓိကကိုင်တွယ်တဲ့ ရှေ့နေ ဘလန်ကာက ပြောပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကစပြီး နိုင်ငံတွင်းက အင်အားကြီးထွားတဲ့ မူးယစ်ဂိုဏ်းတွေကို စစ်တပ်ပါ တပ်ဖြန့်ပြီး ဖြိုခွင်းနှိမ်နင်းလာခဲ့ရာမှာ ခုချိန်ထိ လူသေအလောင်းတွေ ဖုံးကွယ်မြုပ်နှံရာ မြေပုံသချင်္ုိင်းပေါင်း ၃၀၀၀ ကျော် တွေ့ရှိပြီး ရုပ်အေလာင်းပေါင်း ၅၀၀၀ ကျော်မက ဖော်ထုတ်တွေ့ရှိထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required