အဂတိမှုဖြင့် တရားစွဲခံထားရသော ဒုရဲအုပ်ကို ရုံးထုတ်၊ တရားလိုအား စတင်စစ်ဆေး

အဂတိမှုဖြင့် တရားစွဲခံထားရသော ဒုရဲအုပ်ကို ရုံးထုတ်၊ တရားလိုအား စတင်စစ်ဆေး
(ဓာတ်ပုံ-ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး၊ စက်တင်ဘာ ၁၇ ။              ။ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ဒုရဲအုပ်အား စက်တင်ဘာလ ၁၇ ရက်နေ့က မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်တွင် ရုံးထုတ်ခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်မှု ကော်မရှင်သို့ တိုင်ကြားခဲ့သည့် တရားလို ဒေါ်နန်းစန္ဒာလင်းကို စစ်ဆေးခဲ့သည်။

ယခင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၃) နယ်မြေရဲစခန်းမှူးဟောင်း ရဲအုပ်ကျော်သူ (ယခု ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့) နှင့် ဒုရဲအုပ် ကျော်နိုင်ဦးတို့အား အဂတိလိုက်စားမှုဖြင့် ဇွန်လ (၁၄) ရက်နေ့ က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အမှုတွင် ဒုရဲအုပ် ကျော်နိုင်ဦး တစ်ဦးသာ လာရောက်အဖမ်းခံသော်လည်း စခန်းမှူးဟောင်း ရဲအုပ် ကျော်သူမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်မှု ကော်မရှင်ထံတိုင်ကြားခဲ့သည့် ဒေါ်နန်းစန္ဒာလင်းသည် ယခုတရား ခွင်တွင် ပိုက်ဆံပေးခဲ့ရသည့် အခြေအနေများကို ထွက်ဆိုပေးခဲ့ရကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အရ ဖွင့်လှစ်သည့် အမှုအတွက် ရဲစခန်းအာမခံ ရရှိရန် ငွေကျပ် ၁၅ဝဝဝဝ တောင်းခံခြင်း၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဂ)အရ ဖွင့်လှစ်သည့် အမှုအတွက် အာမခံ ရရှိရန် ငွေကျပ် (၂၅)သိန်းတောင်းခံခြင်း တို့ကြောင့် ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ကျော်သူ နှင့် အမှုစစ် ဒုရဲအုပ် ကျော်နိုင်ဦး တို့အား အရေးယူပေးပါရန် ကော်မရှင်သို့ ဒေါ်နန်းစန္ဒာလင်းကတိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရာ အမှတ်(၃) နယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်ဦးသည် (ပ)၅၁၀/၂၀၁၈ အမှုနှင့်ပတ်သက်၍ တရားခံထံမှ ရဲစခန်းအာမခံ ကိစ္စဆောင်ရွက်ရာတွင် အမှုစစ်၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကို လက်ဖက်ရည်ဖိုး ပေးရန် ငွေကျပ် ၅ဝဝဝဝ စီပါ စာအိတ် (၃)အိတ်၊ စုစုပေါင်း ငွေကျပ် ၁၅ဝဝဝဝ ကို တောင်းခံရယူခဲ့ကြောင်း စခန်းမှူး ရဲအုပ်ကျော်သူသည် (ပ)၆၅၈/ ၂၀၁၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဂ) အမှုနှင့်ပတ်သက်၍ အာမခံ ပေးရန်အတွက် တရားခံ၏ အကူအညီတောင်းခံမှုအပေါ် သဘောတူညီမှုရယူခဲ့ပြီး ငွေကျပ် (၂၅) သိန်းကို လက်ခံရယူခဲ့ကြောင်း ၊ အဆိုပါ အမှုပိတ်သိမ်းနိုင်ရေးအတွက် ငွေကျပ် သိန်း(၁၀၀) တောင်းခံ ရယူရန် အားထုတ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် အမှတ် (၃) နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်နိုင်ဦးနှင့် ရဲအုပ် ကျော်သူ (ယခု ကမ္ဘာ လှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့) တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required