ကရင့်အာဇာနည်နေ့ကျင်းပမှုအပေါ် ငြိမ်းစုစီဖြင့် အမှုဖွင့်ခြင်းကြောင့် တိုင်းရင်းသားစည်းလုံး ညီညွှတ်မှုကို ပြိုကွဲစေဟုဆို

ကရင့်အာဇာနည်နေ့ကျင်းပမှုအပေါ် ငြိမ်းစုစီဖြင့် အမှုဖွင့်ခြင်းကြောင့် တိုင်းရင်းသားစည်းလုံး ညီညွှတ်မှုကို ပြိုကွဲစေဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၇ ။          ။ ကရင့်အာဇာနည်နေ့အခမ်းအနားကျင်းပမှုအပေါ် ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ ဖြင့်အမှုဖွင့်ခံထားရသောကြောင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ပြိုကွဲစေကြောင်း ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌ နော်အုန်းလှက စက်တင်ဘာလ ၁၇ ရက်နေ့ ရုံးထုတ်တွင် ပြောဆိုလိုက်သည်။

သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမနှင့်မဟာဗန္ဓုလပန်းခြံအရှေ့တွင် ၆၉ နှစ်မြောက် ကရင့်အာဇာ နည်နေ့ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့မှုအတွက် ဒေါ်နော်အုန်းလှအပါအဝင် ကရင်လူငယ် စသိန်းဇော်မင်း၊ စောလဘွယ်ချိုတို့အား ကျောက်တံတားမြို့နယ် ရဲစခန်းမှ ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ခဲ့သည်။

''ဒါက တကယ်တမ်း တိုင်းရင်းသားအခွင့်အရေး ချိုးဖောက်ခံရတာ။ ကျွန်မတို့လက်မခံပါဘူး။ ကျွန်မတို့ ဥပဒေနဲ့ အညီ လုပ်တယ်။ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်စရာအကြောင်း မရှိဘူး။ ရုံးကိုတော့ ထွက်လာမယ်။ ရမာန် တစ်ပတ်ပေ့ါ ၂၄ရက်နေ့ကျရင်တော့ ပြန်ရုံးချိန်းလာမယ်။  ''ဟု နော်အုန်းလှက ပြောသည်။

၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို မူလက မကွေးပရိယတ္တိစာသင်တိုက်တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကရင်အာဇာနည်နေ့ခေါင်းစဉ်ဖြင့် မကျင်းပရန် တိုင်းအစိုးရမှ စာထုတ်၍ တားမြစ်ခဲ့ကြောင်း ထို့အပြင် အာဇာနည်ဆိုသည့် အသုံးအနှုန်းကို မသုံးနှုန်းရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့က တားမြစ်ခဲ့သော်လည်း ကရင့်အာဇာနည်နေ့ဆိုသည့် ခေါင်းစဉ်ဖြင့်သာ ပွဲကိုကျင်းပခဲ့ခြင်း ဖြစ်သည်။

ကရင်အာဇာနည်နေ့ ကျင်းပသူများအပေါ် အရေးယူခြင်းသည် ကရင်တစ်မျိုးသားလုံးကို ထိပါးစော်ကား စိန်ခေါ် လိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီးထားခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း KNU Concerned Group စက်တင်ဘာလ ၁ဝရက်နေ့က သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

''ကျွန်မတို့ကရင်အမျိုးသားရေးကိုကရင်လူမျိုးတွေ သတ်မှတ်ခဲ့ကြတာ။ လက်ရှိရန်ကုန်တိုင်းအစိုးရက ဒါမလုပ် နဲ့လို့ လာပြောစရာ အကြောင်းတစ်ခုမှ မရှိပါဘူး။ ရန်ကုန်တိုင်းအစိုးရသည် မိမိအာဏာထက် ကျော်လွန်ပြီး လုပ် တာဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်တယ်။ ဒါကို ရှုတ်ချတယ်။ ဘာကြောင့်လဲဆို တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေးကို ပြိုကွဲအောင် လုပ်တဲ့အတွက် ရှုတ်ချတယ်။ ထို့အတူပဲ ပြည်ထောင်စုအစိုးရသည်လည်း ဒီဟာကို တာဝန်ယူရမယ်။ ကရင်အာဇာနည်နေ့ကို ကရင်လူမျိုးတွေ သတ်မှတ်ခဲ့တယ်။ ဗမာက ဒါလုပ်ပါ ဒါမလုပ်ပါနဲ့ ဆိုပြီး လာပြောစရာ အကြောင်း မရှိဘူး။''ဟု နော်အုန်းလှက ဆက်ပြောသည်။

ဒေါ်နော်အုန်းလှသည် မသန်စွမ်းအမျိုးသမီးငယ်တဦး အဓမ္မပြုကျင့်ခံရမှုအတွက် ကူညီဆောင်ရွက်ပေးရန် အလုံမြို့နယ်ရဲစခန်းသို့ လိုက်ပါသွားစဉ် ကျောက်တံတားရဲစခန်းမှ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းတွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ကရင်လူငယ် စသိန်းဇော်မင်း၊ စောလဘွယ်ချိုတို့မှာ စက်တင်ဘာလ ၁ရရက်နေ့ မနက်မှသာ လာရောက် အဖမ်းခံခြင်းဖြစ်သည်။

အဆိုပါကိစ္စအတွက် ဒေါ်နော်အုန်းလှအပါအဝင် ကရင်လူငယ်နှစ်ဦးတို့သည် အာမခံမယူဘဲ ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။အမှုအတွက် နောက်ထပ်ရုံးချိန်းကို စက်တင်ဘာလ ၂၄ရက် နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly