အိမ်အကူကို အက်ဆစ်လောင်းနှိပ်စက်သူ နှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်အမိန့်ချ

အိမ်အကူကို အက်ဆစ်လောင်းနှိပ်စက်သူ နှစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်အမိန့်ချ

စက်တင်ဘာ ၁၆၊ မန္တလေး ။             ။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အိမ်အကူအဖြစ် အလုပ်လုပ်သည့် အမျိုးသမီးငယ်တစ်ဦးကို အက်ဆစ်ဖြင့်လောင်းပြီး နှိပ်စက်ခဲ့သည့် အိမ်ရှင်အမျိုးသမီးနှင့် ပါဝင်ပတ်သက်ခဲ့သည့် အမျိုးသမီးတို့ကို မန္တလေးခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်လိုက်သည်။

"သက်သေခံချက်များအရ တရားလိုပြများက ဒေါ်နီနီနုနွယ်နှင့် ဒေါ်မိုးမိုးတို့က မနန်းမေဇင်ဦးကို လုပ်ခလစာ အပြည့် အဝ မပေးကြောင်း ထွက်ဆိုထားကြပြီး ခံပြသက်သေနှင့် တရားခံများက ခုခံထွက်ဆိုကြသော်လည်း လုပ်ခလစာပေးကြောင်း သက်သေပြနိုင်ခြင်းမရှိပါ။ ဒါအပြင် မနန်းမေဇင်ဦး ဒဏ်ရာ ရပြီးချိန်တွင်လည်း မစွမ်းဆောင်နိုင်သော အခြေအနေကို အဓမ္မခိုင်းစေခြင်း၊ အဓမ္မဝန်ဆောင်မှုပေးစေခြင်းကို ကျူးလွန်ရာရောက်ကြောင်း သုံးသပ်ရမည်ဖြစ်သည့်အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်သည်"ဟု မန္တလေးခရိုင် တရားရုံး တွဲဘက်တရားသူကြီး (၁) ဒေါ်မာလာက တရားခွင်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နှိပ်စက်ခံရသူ အိမ်အကူသည် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နဘမ်းကြီးကျေးရွာမှဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဒေါ်မိုးမိုးက ၎င်းပိုင် စတိုးဆိုင်တွင် တစ်လလျှင် ကျပ်တစ်သောင်းဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာ အလုပ်လုပ်ကိုင်ခဲ့ရပြီး ဆိုင်ပိတ်လိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ် ဆက်လက် လုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်။

ထိုသို့လုပ်ကိုင်နေစဉ် ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏ မောင်မှ မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေးဆိုခြင်းနှင့်ပက်သက်ပြီး ဒေါ်နီနီနုနွယ်က မကျေနပ်ခဲ့၍ မနန်းမေဇင်ဦး ရေချိုးနေစဉ် အက်ဆစ်ဖြင့် လောင်းချခဲ့ပြီး နေအိမ်အတွင်းပိတ်လှောင် နှိပ်စက်ခဲ့ကြောင်း ထုတ်ပြန်ထားသည့် ရဲမှတ်တမ်းအရသိရသည်။

ထိုသိုအက်ဆစ်ဖြင့်လောင်းခံခဲ့ရသည့် မနန်းမေဇင်ဦး၏ ဘယ်ဘက်ဦးခေါင်းမှစကာ တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိတစ်ဖက် ကွယ်သွားခြင်း လက်မှာလည်း ကွေးဆန်း၍ မရသည့် အခြေအနေများသို့ရောက်ခဲ့သည့်အပြင် အခန်းအတွင်း ပိတ်လှောင်ထား၍ ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေပဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့သော်လည်း လုပ်အားခ မပေးခြင်းတို့ကို ယနေ့ အမိန့်ချခံရသည့် အမျိုးသမီး နှစ်ဦးက ပြုလုပ်ခဲ့သည်ဟု ကနဦးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ မနန်းမေဇင်ဦးအား လုပ်အားခမပေးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ် နှင့် အိမ်ရှင်ဖြစ်သူ ဒေါ်မိုးမိုးတို့အား အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄/၃၂ တို့ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးခဲ့ပြီး ၂၀၁၉ စက်တင်ဘာ ၁၆ရက်နေ့တွင် ထောင်ဒဏ် ၁၅နှစ် အမိန့်ချခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly