ပညာရေးဝန်ထမ်းများ အဝေးသင်တက်ရန် ခွင့်ရက်လုံလောက်စွာရရေး ဆန္ဒထုတ်ဖော်

ပညာရေးဝန်ထမ်းများ အဝေးသင်တက်ရန် ခွင့်ရက်လုံလောက်စွာရရေး ဆန္ဒထုတ်ဖော်

စက်တင်ဘာ ၁၆၊ ရန်ကုန် ။          ။ လုပ်ငန်းခွင်ဝင်နေသည့် ပညာရေးဝန်ထမ်းများ အဝေးသင်တက်ရန် ခွင့်ရက်လုံလောက်စွာပေးရေးအတွက် ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂမှ ယနေ့မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဝေးသင်တက်၍ စာမေးပွဲဖြေဆိုမည့် ပညာရေးဝန်ထမ်းများအတွက် လစာမဖြတ်ဘဲ ပေးသော ခွင့် ၁၇ ရက်မှာ အဆင်ပြေမှုမရှိသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ပညာရေး ကောလိပ် ကျောင်းသား သမဂ္ဂများကိုယ်စားပြုကော်မတီဝင်၊ ရန်ကင်းပညာရေးကောလိပ်ကျောင်းသား ကိုသုတစိုးက ပြောသည်။

"ဖဲကြိုးစိမ်းလှုပ်ရှားမှုရက်သတ္တပတ်ဆိုပြီး ကမ်ပိန်းလုပ်လိုက်ပြီးမှ သူတို့လာပြောတာ On Duty အဖြစ် ဆယ့်ခုနစ်ရက်လုံးသတ်မှတ်ပေးမယ်။ လစာမဖြတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ပြောတယ်။ စစတည်းက ဆယ့်ခုနစ်ရက်မလုံလောက်ဘူးဆိုပြီးတောင်းခဲ့တာ။ ဆယ့်ခုနစ်ရက်ဘာကြောင့် မလုံလောက်တာလဲဆိုတော့ တက္ကသိုလ်နယ်မြေနဲ့ ဝေးတဲ့ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေဆိုရင် ဒီတက္ကသိုလ်မှာ

နေ့ချင်းမပြန်နိုင်တဲ့အတွက်ကြောင့်မလို့ တက္ကသိုလ်ဘေးနားမှာ အဆောင်ငှားနေရတော့မယ်။ အဆောင်ရှာရတော့မယ်။ သွားရက်တွေရှိမယ်။ ပြန်ရက်တွေ ရှိမယ်။ ပြီးတော့ အနီးကပ်ဆယ်ရက်ရှိမယ်။ စားမေးပွဲဖြေတဲ့ ခုနစ်ရက်နဲ့ဆို ကျွန်တော်တို့ ဆယ့်ခုနစ်ရက်၊ ဘယ်လိုမှ မလုံလောက်တော့ဘူး" ဟု ၄င်းက ပြောသည်။

ပညာရေးကောလိပ် ၂၅ ကျောင်းနှင့် အခြေခံမှ ဆရာ၊ ဆရာမများအတွက် ရည်ရွယ်ကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး အဝေးသင်တက်ရောက်ရန် လုံလောက်သည့် ခွင့်ရက် တစ်လ(သို့မဟုတ်) ၂၅ ရက်ပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

"အခြေခံပညာမှ ပညာဆက်လက်သင်ယူရာတွင် ခွင့်ရက်လုံလောက်စွာရရှိရေး၊ ဒို့အရေး" ဟု ရေးသားထားသည့် စာရွက်များကို ရန်ကင်းပညာရေးကောလိပ်ကျောင်းဝင်းအတွင်းရှိ ကျောင်းနံရံများ၊ တိုင်များနှင့် ကျောင်းအုပ်ကြီးရုံးခန်းရှေ့များ၌ ကပ်ထားပြီး ရန်ကင်းပညာရေးကောလိပ်ကျောင်းသားနှစ်ဦးတို့က အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် မုံရွာပညာရေးကောလိပ်နှင့် ဟားခါးပညာရေးကောလိပ်များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ကျောင်းသားများထံက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required