ကမ္ဘာ့ရေနံစျေး မြင့်တက်မှုနှင့်အတူ ပြည်တွင်း စက်သုံးဆီစျေးများ အနည်းငယ် မြင့်တက်လာ

By စိုးချစ်ချစ်ပိုင်
16 September 2019
ကမ္ဘာ့ရေနံစျေး မြင့်တက်မှုနှင့်အတူ ပြည်တွင်း စက်သုံးဆီစျေးများ အနည်းငယ် မြင့်တက်လာ

ရန်ကုန်။စက်တင်ဘာ ၁၆ ။            ။ ဆော်ဒီအာရေးဗျနိုင်ငံရှိ ရေနံစက်ရုံများ တိုက်ခိုက်ခံရပြီးနောက် ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်လာမှုနှင့် အတူ ပြည်တွင်းရေနံစျေးနှုန်းမှာလည်း အနည်းငယ်မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာ ၁၄ရက်နေ့က ဆော်ဒီအာရေးဗျနိုင်ငံရှိ ရေနံချက်စက်ရုံများ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပြီး နောက်ပိုင်း ရေနံထုတ်လုပ်မှု လျော့ကျကာ စက်တင်ဘာ ၁၆ရက်နေ့တွင် ကမ္ဘာ့ရေနံစျေးမှာ ၁၀ ရာခိုင်နှုန်း ကျော် မြင့်တက် လာခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့အဆင့်နဲ့က ဘာမှမသိနိုင်ဘူး။ ပြည်တွင်းရေနံစျေးကတော့ ခုချိန်ထိ ဘာမှ ထူးထူးခြားခြား မတက်သေးပါဘူး” ဟု မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းမှ ရုံးအဖွဲ့မှူး ဦးဝင်းမြင့်က ဆိုသည်။

ပြည်တွင်းရှိ စက်သုံးဆီစျေးနှုန်းများသည် စက်တင်ဘာလ ၁၅ရက်နေ့အထိ  ဒီဇယ်တစ်လီတာလျှင် ၉၁ဝကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ၉၂ဝကျပ်၊ အောက်တိန်း92 တစ်လီတာလျှင် ၈၁၅ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၉၀၅ကျပ် စျေး ဖြစ်ပေါ်ခဲ့ပြီး၊ စက်တင်ဘာ ၁၆ရက်နေ့တွင် ဒီဇယ်တစ်လီတာလျှင် ၉၃၀ ကျပ် သို့လည်းကောင်း၊ ပရီမီယမ်ဒီ ဇယ်တစ်လီတာ လျှင် ၉၄ဝကျပ်သို့လည်းကောင်း၊ အောက်တိန်း 92 တစ်လီတာ လျှင် ၈၃ဝကျပ် သို့လည်းကောင်း၊ အောက်တိန်း 95 တစ်လီတာလျှင် ၉၂ဝကျပ်သို့လည်းကောင်း စျေးနှုန်းများ မြင့်တက်ခဲ့သည်။

ပြည်တွင်း၌ စက်သုံးဆီစျေးနှုန်းများကို လုပ်ငန်းရှင်များမှ သတ်မှတ်ရောင်းချရာတွင် ကမ္ဘာ့ရေနံပေါက်စျေး၊ ငွေလဲနှုန်း၊ ပြည်တွင်းရှိဆီလက်ကျန်ပမာဏ ၊ ပြည်ပမှတင်သွင်းဝယ်ယူရောင်းချရသည့် ဆိပ်ကမ်းအရောက် CIF တန်ဖိုး ၊ နိုင်ငံတော်သို့ပေးသွင်းရသည့် အခွန်အခများ ၊ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှု ကုန်ကျ စရိတ်များဖြင့် စုပေါင်းတွက်ချက်ကာ စျေးနှုန်းသတ်မှတ် ရောင်း ချခြင်းဖြစ်ကြောင်းသိရသည်။

“ဆီစျေးက စက်တင်ဘာ လဆန်းကထက်ပိုပြီး တက်လာတယ်။ ဆီစျေးတွေတက်နေပေမယ့် ခရီးသည် ဆီကနေ စျေးပိုတောင်းလို့ မရဘူး။ ခရီးသည်ကတော့ ပုံမှန်စျေးနဲ့ပဲ စီးကြတယ်။ ဆီစျေးတက်တဲ့ ကိစ္စကြောင့် တက္ကစီသမားတွေ ဝင်ငွေပိုပြီး ထိခိုက်လာတယ်”ဟု ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

ပြည်တွင်းစက်သုံးဆီစျေးကွက်အတွင်းရောင်းချနေသော စက်သုံးဆီအများစုကို ပြည်ပမှ အများဆုံးမှာယူ တင်သွင်းနေခြင်းဖြစ်ပြီး တစ်လလျှင် ဓာတ်ဆီတန်ချိန် ၂သိန်းဝန်းကျင်နှင့်ဒီဇယ်ဆီ တန်ချိန် ၄သိန်းဝန်းကျင် အပါအဝင် စုစုပေါင်းတန်ချိန် ခြောက်သိန်းဝန်းကျင်ကို ပုံမှန်တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly