ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့တွင် ကျေးရွာငါးခုနှင့် ကျောင်းငါးကျောင်းကို အမှိုက်ကင်းစင်စံပြဆု ချီးမြှင့်

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့တွင် ကျေးရွာငါးခုနှင့် ကျောင်းငါးကျောင်းကို အမှိုက်ကင်းစင်စံပြဆု ချီးမြှင့်

မကွေး၊ စက်တင်ဘာ ၁၆ ။        ။ ၂၀၁၉ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာငါးရွာနှင့် ကျောင်း ငါးကျောင်းကို အမှိုက်ကင်းစင် စံပြဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ၁၆ရက်နေ့တွင် ကျရောက်သည့် ၂၀၁၉ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို မကွေးမြို့၊ နန်းထို်က်သူဟိုတယ်ခန်းမတွင် ကျင်းပခဲ့သည်။

“အရင်နှစ်တွေကဆို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး စာစီစာကုံး ကဗျာ ကာတွန်း ဆောင်းပါး ဆုတွေကိုပဲ ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ မကွေးတိုင်းဒေသကြီးအတွင်း အမှိုက် ကင်းစင်ကျောင်း အမှိုကင်းစင်ကျေးရွာတွေကို ရွေးချယ်ပြီးဆုချီးမြင့်ခဲ့ပါတယ်။ အဲ့ဒါဖြစ်ပေါ်လာတာက ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဌာနရဲ့ပင်မလုပ်ငန်းစဉ်ထဲက အက်ရှင်Planပါ။ အဲ့ဒီအက်ရှင်Plan ၂၀၁၈-၁၉ကနေ ၂၀၂၂-၂၀၂၃ အထိ စီမံကိန်းဆွဲထားတဲ့အထဲမှာ ပါတဲ့အတွက် ဆောင်ရွက်တာပါ။ နောက်နှစ်တွေမှာလည်း အမှိုက် ကင်းစင်ကျေးရွာ၊ အမှိုက်ကင်းစင်ကျောင်းတွေကို ရွေးချယ်ပြီး ဆုတွေချီးမြှင့်သွားဦးမှာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးဝင်းကိုကိုက ပြောသည်။

အမှိုက်ကင်းစင်ကျေးရွာပြိုင်ပွဲတွင် ပထမဆုကို ဂန့်ဂေါမြို့နယ်ရှိ ဇဟောကျေးရွာက ရရှိခဲ့ပြီး ဒုတိယဆုကို ဆင်ပေါင်ဝဲမြို့နယ်မှ စည်ပင်လှကျေးရွာကလည်းကောင်း  တတိယဆုကို ဆိတ်ဖြူမြို့နယ်ရှိ ဂွေးပင်ကျေးရွာက လည်းကောင်း၊ စတုတ္ထဆုကို မြို့သစ်မြို့ နယ်ရှိ ဆားတဲကျေးရွာနှင့် ပဥ္စမဆုကို ငဖဲမြို့နယ်ရှိ ပင်ဦးကျေးရွာ တို့က ရရှိခဲ့သည်။

အမှိုက်ကင်းစင်ဆုအတွက် ရွေးချယ်ရာတွင် ပထမဆုကို ဂန့်ဂေါမြို့နယ်ရှိ အထကမင်းရွာကျောင်းက လည်းကောင်း ဒုတိယဆုကို ဆိတ်ဖြူမြို့နယ်ရှိ အထက ဂွေးပင်ကျောင်းကလည်းကောင်း တတိယဆုကို ငဖဲမြို့နယ်ရှိ အထက ပန်းတိမ်ကျောင်းကလည်းကောင်း စတုတ္ထဆုကို မြို့သစ်မြို့နယ်ရှိ အထက ချောက်ကြား နှင့် ပဥ္စမဆုကို ဆင်ပေါင်းဝဲမြို့နယ်ရှိ အမက ရွာသစ်တို့က ဆုရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆုများကို အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့်ရွေးချယ်ခဲ့ပြီး ကျေးရွာ၏ပူးပေါင်းပါဝင်မှု၊ အမှိုက်ကို စနစ်တကျစွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်ကူးဉာဏ်ဖြင့်ဆောင်ရွက်ခြင်းဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ကျောင်းများအတွက် ရွေးချယ်ရာတွင်လည်း ကျောင်းအတွင်းအပြင် သန့်ရှင်းမှု နေ့စဉ် ဆောင်ရွက်မှု စသည့် အချက်များကိုအခြေခံကာ အမှတ်ပေးရွေးချယ်ခဲ့ကြောင်းသိရသည်။

ဆုပေးပွဲကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှတက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဆုရရှိသူများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန့်ကြီးချုပ်၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly