လက်ရှိအချိန်အထိ H1N1 ကြောင့် သေဆုံးသူ ၁၁၂ ဦးအထိ ရှိလာကြောင်း သိရ

လက်ရှိအချိန်အထိ H1N1 ကြောင့် သေဆုံးသူ ၁၁၂ ဦးအထိ ရှိလာကြောင်း သိရ
Photo - EPA

စက်တင်ဘာ ၁၆၊ ရန်ကုန် ။        ။ ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူဦးရေသည် လက်ရှိအချိန်အထိ ၁၁၂ ဦးရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ရောဂါသံသယရှိသူပေါင်း ၁၆၇၆ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၇၁၆ ဦး ဖြစ်ပွားကြောင်း ဓာတ်ခွဲအတည်ပြုပြီး သေဆုံးသူ ၁၁၂ ဦးရှိခဲ့့ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရောဂါကြောင့် သေဆုံးသူ ၁၁၂ ဦးအနက် ထက်ဝက်ကျော်သည် ရန်ကုန်တိုင်းမှ ဖြစ်ပြီး သေဆုံးသူ ၆၈ ဦး ရှိခဲ့သည်။ ထို့နောက် ဒုတိယသေဆုံးမှုအများဆုံးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ သေဆုံးသူ ၁၄ ဦး၊ ပဲခူးတိုင်းမှ သေဆုံးသူ ၁ဝ ဦးရှိခဲ့ပြီး အခြားပြည်နယ်နှင့် တိုင်းများတွင် တစ်ဦးမှ လေးဦးအထိ အသီးသီးသေဆုံးမှုများရှိခဲ့သည်။

လက်ရှိတွင် H1N1 ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုများ ကျဆင်းနေပြီဖြစ်ကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက စက်တင်ဘာလ ၁၄ ရက်နေ့က အစည်းအဝေး တစ်ခုတွင် ပြောကြားထားခဲ့သည်။

ယခုနှစ်အတွင်း ဇူလိုင်လ ၁၉ ရက်နေ့အထိ H1N1 ရောဂါကြောင့် သေဆုံးသူ ၆၃ ဦး၊ ဇူလိုင်လ ၃၁ ရက်နေ့ အထိ သေဆုံးသူ ၈၁ ဦး၊ သြဂုတ်လ ၁၃ ရက်အထိ သေဆုံးသူ ၉၄ ဦး၊ သြဂုတ်လ ၁၆ ရက်နေ့အထိ သေဆုံး သူ ၉၆ ဦး၊ သြဂုတ်လ ၂၃ ရက်အထိ သေဆုံးသူ ၁ဝ၂ ဦး၊ သြဂုတ်လ ၃ဝ ရက်နေ့အထိ သေဆုံးသူ ၁ဝ၆ ဦး၊ စက်တင်ဘာလ ၂ ရက်နေ့အထိ  သေဆုံးသူ ၁ဝ၈ဦး၊ စက်တင်ဘာလ ၆ ရက်နေ့အထိ သေဆုံးသူ ၁ဝ၉ ဦး၊ စက်တင်ဘာလ ၁၃ ရက်နှင့် ၁၆နေ့အထိ သေဆုံးသူ ၁၁၂ ဦးရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ တွေ့ရှိရသည်။

၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ H1N1 ရောဂါကြောင့် သေဆုံးသူ ၃၈ ဦးသာရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် ရောဂါ ကြောင့် သေဆုံးသူမရှိခဲ့ပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required