မြန်မာနိုင်ငံမှ စပါးကို တရားဝင်ဝယ်ယူရန် တရုတ်ကမ်းလှမ်း

မြန်မာနိုင်ငံမှ စပါးကို တရားဝင်ဝယ်ယူရန် တရုတ်ကမ်းလှမ်း
Photo - EPA

ရန်ကုန်။စက်တင်ဘာ ၁၆ ။         ။ မြန်မာနိုင်ငံမှ စပါးကို တရားဝင်ဝယ်ယူရန် တရုတ်နိုင်ငံက ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

အဆိုပါ ကမ်းလှမ်းမှုကို အစိုးရအချင်းချင်း ဥပဒေနှင့်အညီတရားဝင် ကမ်းလှမ်းဝယ်ယူ ခြင်းဖြစ်၍မြန်မာနို်င်ငံ ဆန်စပါးအသင်းချုပ်နှင့် အသင်းအဖွဲ့များအနေဖြင့် ပိတ်ပင်လိုသည်ဆန္ဒမရှိကြောင်း အသင်းချုပ်၏ ဥက္က္လဋ္ဌ ဦးရဲမင်းအောင်ကဆိုသည်။

“ကျွန်တော်တို့ အနေနဲ့ကစပါးသည်လည်း တွင်းထွက်ပစ္စည်းလည်း မဟုတ်ပါဘူး။ လေးငါးလတစ်ခါ ပြန်ပြီး တော့ စိုက်နိုင်တယ်။ အဲတော့ တောင်သူတွေ အကျိုးအမြတ်ရှိမယ်။ စျေးကွက်ရှိမယ်ဆိုရင် ရောင်းချနိုင်တဲ့ အနေအထားပါ” ဟု ၄င်းကဆိုသည်။

သို့သော် စပါး နှင့် ဆန်ကို အပြန်အလှန် ပမာဏ ကန့်သတ်၍ အရောင်းအဝယ် ပြုလုပ်ရန် လိုအပ်ကြောင်း ဦးရဲမင်းအောင်က ဆက်လက်ပြောဆိုသည်။

“တစ်ချက် ပြန်ကြည့်ရမှာက ဆန်တန်ချိန် တစ်သိန်းဝယ်ရင် စပါးကိုလဲ တန်ချိန် တစ်သိန်း ပြန်ရောင်းနိုင်အောင် စီစဉ်ပါ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အပြန်အလှန် ပမာဏကန့်သတ်ပြီးတော့ အရောင်းအဝယ် လုပ်ဖို့ ပေါ့။ ဘာကြောင့်လဲဆိုရင် ဆန်စျေးကွက်က တရုတ် စျေးကွက်တစ်ခုတည်းကို မှီခိုတာ မဟုတ်ပါဘူး။နိုင်ငံ ၆၀ ကို ရောင်းချနေတာ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံ ၆ဝမှာ တည်ဆောက်ထားတဲ့ ဝယ်ယူနဲ့ရောင်းသူကြားက ဆက်ဆံရေးကိုလည်း ကြည့်ရဖို့ရှိပါတယ်” ဟု ၄င်းကဆက်လက်ပြောဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံသာမက မည့်သည့်နို်င်ငံကိုမဆို စပါးတရားဝင် ရောင်းချမည် ဆိုပါက ယင်းနိုင်ငံ၏ ပြည်တွင်းမှ ဆန်ဝယ်ယူမှု အပေါ်အခြေခံ၍ ညှိနှိုင်းရောင်းချသင့်ကြောင်း ကို မြန်မာနို်င်ငံ ဆန်စပါးအသင်းချုပ်မှ အစိုးရသို့ အကြံပြု တင်ပြထားကြောင်းသိရသည်။

လက်ရှိတွင် စပါးဝယ်ယူမှုကို ခွင့်ပြုထားခြင်း မရှိသေးသော်လည်း တရုတ်ကုန်သည်များက နယ်စပ်ဒေသ များသို့တိုက်ရိုက်ဆင်းကာ တရားမဝင် စပါးဝယ်ယူမှုများရှိခဲ့ပြီး၊ ယင်းအပေါ် ကုန်သည်များနှင့် အသင်းအဖွဲ့ များမှ ကန့်ကွက်မှုများလည်းရှိခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly