ကိုလံဘီယာမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး လူခုနစ်ဦး သေဆုံး

ကိုလံဘီယာမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျပြီး လူခုနစ်ဦး သေဆုံး

စက်တင်ဘာ ၁၆ ။          ။ ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ပိုပါယန်မြို့နားမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေယာဉ်ငယ်တစ်စင်း ပျက်ကျတာကြောင့် လိုက်ပါသူ ကိုးဦးမှာ ခုနစ်ဦး သေဆုံးကြောင်း မြို့တော်ဝန်နဲ့ နိုင်ငံရဲ့ လေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

ပြည်တွင်း ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တဲ့ ဒီ လေယာဉ်ငယ်ဟာ ပိုပါယန်မြို့ကနေ ပျံတက်ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ခုလို ပျက်ကျတာ ဖြစ်ပါတယ်။

ပျက်ကျမှုဖြစ်ရာ ပိုပါယန်မြို့ဟာ လူဦးရေ ၂၇၀၀၀၀ ကျော်ရှိပြီး တောင်တန်းတွေ ၀ိုင်းရံနေတဲ့ မြို့ပဲ ဖြစ်ပါတယ်။

ဒီ လေယာဉ်ငယ် ပျက်ကျမှုမှာ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးဟာ ထိခိုက်ဒဏ်ရာရတာကြောင့် ဆေးရုံတင်ထား ကုသပေးနေကြောင်း မြို့တော်ဝန် ဆီဆာဂိုမက်ဇ်က ပြောပါတယ်။

လူမှုမီဒီယာပေါ် တက်လာတဲ့ ဓာတ်ပုံတွေမှာ ပျက်ကျမှုဖြစ်ရာ ဧရိယာနားက အိမ်တွေကြား လေယာဉ်ပျက် အပိုင်းအစတွေကို တွေ့ရပါတယ်။

ခုလို လေယာဉ်ပျက်ကျမှုကြောင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသခံတွေဆီ အကူအညီပေးရေးအဖွဲ့ စေလွှတ်ထားကြောင်း မြို့တော်ဝန်က ပြောပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ကိုလံဘီယာ မြို့ပြလေကြောင်း အာဏာပိုင်ရုံးက ထုတ်ပြန်ထားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required