အိပ်ရေးအပျက်ခံပြီး ရုပ်ရှင်ဇာတ်လမ်းတွဲထိုင်ကြည့်တာ အကျင့်ဖြစ်နေပြီလား

အိပ်ရေးအပျက်ခံပြီး ရုပ်ရှင်ဇာတ်လမ်းတွဲထိုင်ကြည့်တာ အကျင့်ဖြစ်နေပြီလား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ရုပ်ရှင်စီးရီးဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်လောက်ကတည်းက ကျွန်တော်တို့နိုင်ငံမှာ စတင်ရေပန်းစားလာတာပါ။ ပြောရမယ်ဆိုရင်တော့ ကိုရီးယားဇာတ်လမ်းတွဲ၊ တရုတ်ဇာတ်လမ်းတွဲတွေ၊ နောက်ပိုင်းမှာ အင်္ဂလိပ်ရုပ်သံဇာတ်လမ်းကိုမှ အပိုင်းတွေ အများကြီးနဲ့ အိပ်ရေးပျက်ခံပြီး ကြည့်တာ အကျင့်ဖြစ်လာတယ်နော်။

ဒါက လူငယ်တွေမှာပဲ ရှိတတ်တဲ့အကျင့်လို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ လူကြီးအရွယ်တွေ အထူးသဖြင့် အိမ်မှာအမြဲနေရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေဆိုရင်တော့ ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ရတဲ့အချိန်ဆိုတာ ဘာနဲ့မှမလဲနိုင်အောင်ပါပဲ။ ဒီလို ဇာတ်လမ်းတွဲအသစ်တွေ ထွက်တာနဲ့ အိပ်ရေးအပျက်ခံပြီး ကြည့်တဲ့အကျင့်ဟာ ကြာရင် ကိုယ့်ရဲ့ ကျန်းမာရေးကို ဒုက္ခဖြစ်စေနိုင်တယ်ဆိုတာတော့ သတိထားဖို့ လိုပါတယ်။
အိပ်ရေးပျက်ခံတော့ ဘာအကျိုးကျေးဇူးရလဲ။

ဘာအကျိုးကျေးဇူးမှ မရနိုင်ပါဘူး။ လူတိုင်းက တစ်နေ့တာ အိပ်ချိန်လုံလောက်စွာမရတာနဲ့ ကျန်းမာရေးက အနည်းနဲ့ အများထိခိုက်လာနိုင်သလို နောက်တစ်နေ့မှာလည်း လန်းလန်းဆန်းဆန်းတက်ကြွမနေဘဲ ထိုင်းမှိုင်းပြီး အားမရှိသလို ဖြစ်နေမှာပေါ့။ အဓိက ဒုက္ခပေးနိုင်တဲ့အရာတွေကို မီးမောင်းထိုးပြရမယ်ဆိုရင်
၁။ မျက်စိပျက်မယ်။

အမှောင်ထဲမှာ ဖြစ်ဖြစ်၊ အလင်းထဲမှာဖြစ်ဖြစ် တီဗီဖန်သားပြင်က ထွက်လာတဲ့အလင်းလှိုင်းတွေကို အချိန်အကြာကြီး မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတဲ့အခါ မျက်စိက ညောင်းကိုက်လာတော့မှာပေါ့။ တဖြည်းဖြည်းနဲ့ မျက်ရိုးကိုက်တာ၊ မျက်ရည်ပူကျတာ၊ မျက်စိထဲက အောင့်သလို၊ စူးသလို ခံစားရတာ၊ မျက်ဝန်းထဲမှာ အနီရောင်သွေးကြောတွေ ထင်းကနဲ မြင်နေရတာ၊ မျက်စိမှုန်လာတာ၊ ရေတိမ်စွဲတာတွေပါ ဖြစ်လာနိုင်ပါတယ်။
၂။ အဝလွန်လာမယ်။

တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးတော့ဖြစ်စေ တီဗီကို အချိန်အကြာကြီးကြည့်တတ်တဲ့အကျင့်ဟာ လူူကို အဝလွန်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ တီဗီကို မတ်တပ်ရပ်၊ လမ်းလျှောက်၊ အားကစားလုပ်၊ လှုပ်ရှားပြီး ကြည့်တဲ့သူ တစ်ယောက်တောင် မရှိလို့ပါပဲ။ အကုန်လုံးက ထိုင်ခုံလေးမှာ ထိုင်၊ တီဗီရှေ့မှာ ကုန်းကုန်းကွကွလေးနဲ့ ရေခဲသေတ္တာထဲမှာ ရှိတဲ့ သရေစာမုန့်တွေ ဗိုက်ထဲဖြည့်ပြီး ကြည့်နေကြတာမလား။ အဲ့လိုလုပ်တာ ကြာလာတာနဲ့အမျှ ဗိုက်ကပူပြီး ကိုယ်ခန္ဓာထဲ ကယ်လိုရီတွေ၊ အဆီတွေတက်မယ်။ အဝလွန်မယ်၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုဖြစ်နိုင်ခြေ မြင့်လာနိုင်တာပေါ့။
၃။ အိပ်ရေးပျက်မယ်။

အိပ်ချိန်ဆိုတာ လူတွေထင်သလို ပြန်အစားထိုးလို့ရတဲ့အရာမဟုတ်ပါဘူး။ ညဘက်ဆိုရင် ပတ်ဝန်းကျင်က တိတ်ဆိတ်နေတော့ ရုပ်ရှင်ကြည့်ရတာ ပိုအရသာရှိတယ်ဆိုပြီး မအိပ်ကြတော့ဘူး။ မနက်ကျမှ မျက်လုံးက လေးပြီး အိပ်ချင်လာရော။ အဲ့လို မနက်နဲ့ ညမှားအိပ်တာကလည်း ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ထိခိုက်စေရုံသာမက စိတ်ကျန်းမာရေးကိုပါ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။
အဲ့တော့ ဘာဆက်လုပ်မလဲ။ ရုပ်ရှင်ကိုဖျက်မှရမှာလား။

ရုပ်ရှင်ဆိုတာ လူတွေအတွက် ရသမျိုးစုံကို ဖန်တီးပေးနိုင်တဲ့အရာပါ။ အခုပြောသွားတဲ့အကြောင်းအရာသည် ညအိပ်ရေးအပျက်ခံပြီး ရုပ်ရှင်ကြည့်တဲ့ မကောင်းတဲ့အကျင့်ဆိုးကို အဓိကဖျောက်ဖို့ပါပဲ။ ဒီတော့

  • ·  ကြည့်စရာရှိတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲမှန်သမျှ မနက်ကတည်းက ကြည့်ထားပါ။
  • ·  ညအိပ်ချိန်ရောက်ပြီဆိုရင် နှိုးစက်နဲ့ အသံပေးထားပြီး အသံမြည်တာနဲ့ ချက်ချင်းထပိတ်ပါ။
  • ·  ရေများများသောက်ပါ။
  • ·  မုန့်ပဲသရေစာတွေ စားမယ့်အစား သစ်သီးဝလံတွေကို လှီးစိတ်ပြီး စားပေးပါ။
  • ·  တစ်နာရီလောက် ရုပ်ရှင်ကြည့်ပြီးရင် ခဏစက်ရပ်ထားပြီး ဆီးထသွားတာ၊ လမ်းထလျှောက်တာ၊ မျက်လုံးအနားပေးတာမျိုး လုပ်ပေးပါ။
  • ·  ရုပ်ရှင်ဆိုတာ မနက်ကြည့်ကြည့်၊ ညကြည့်ကြည့် အတူပါပဲ။ အိပ်ရေးပျက်ခံ၊ ကိုယ့်ကျန်းမာရေးကို အထိခိုက်ခံပြီး ကြည့်ရလောက်တဲ့အထိတော့ မတန်ပါဘူး။
  • ·  ရုပ်ရှင်ကြောင့် ကိုယ့်ရဲ့ နေ့စဉ်လုပ်ရမယ့် တာဝန်ဝတ္တရားတွေ အထိခိုက်မခံပါနဲ့။
  • ·  အသိစိတ်နဲ့ စည်းကို စောင့်ပြီး ရုပ်ရှင်ကြည့်ပါ။

ကဲ ဒါဆိုရင် မကောင်းတဲ့အကျင့်တွေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြောပြပြီးပြီဆိုတော့ မကောင်းတဲ့အကျင့််ကို ဖျောက်မလား၊ ဆက်ထိန်းထားမလားဆိုတဲ့ ရွေးချယ်မှုက သင့်လက်ထဲမှာရှိပါတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly