အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ

အရိုးတစ်ခုကျိုးပြီးသွားရင် ဘယ်လိုပြန်ဆက်လဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရိုးကျိုးသွားတယ်ဆိုတဲ့ ပြဿနာဟာ ပြင်းထန်ပြီး အင်မတန်မှ စိတ်ရှုပ်စရာကောင်းတဲ့ ပြဿနာတစ်ခုပါ။ သွားလာ လှုပ်ရှားလို့လည်းမရ ၊ နာကလည်းနာ၊ ကျောက်ပတ်တီးကြီးနဲ့တစ်ချိန်လုံး အံသေနေရတဲ့ အဖြစ်ကိုဘယ်သူမှ မလိုချင်ပါဘူး။ ဒါပေမယ့်လည်း အခန့်မသ့င့် တစ်ခုခု ထိခိုက်မိလို့ ဖြစ်လာခဲ့ပြီဆိုရင် ဘယ်တတ်နိုင်ပါ့မလဲ။ ကျောက်ပတ်တီးလေးစည်းပြီး ပြန်ဆက်မယ့်အချိန်ကိုပဲ စောင့်နေရတော့တာပေါ့ ။ အဲဒီအခါကျရင် ကျိုးသွားတဲ့ အရိုးတစ်ခုက ဘယ်လိုဘယ်ပုံပြန်ဆက်မှာလဲ ဘယ်လောက်ကြာမှာလဲဆိုတာ သိချင်လာကြပြီမလား ။ ။
ပြန်ဆက်မယ့်အကြောင်း မပြောခင် အရိုးကျိုးပုံကျိုးနည်းအကြောင်း အရင်ပြောပြပေးချင်ပါတယ်။

အရိုးကျိုးသွားပြီဟေ့ဆို

  •     အရေပြားကို အရိုးဖောက်ထွက်လာပြီးကျိုးတာလား အထဲမှာပဲကျိုးတာလား
  •     လုံးဝ ထက်ပိုင်းကျိုးသွားတာလား၊ ဆက်နေသေးလား
  •     နေရာလွဲသွားတာလား အက်သွားတာလားဆိုပြီး အရင်စဉ်းစားရပါတယ်။

ဒါတွေပေါ်မူတည်ပြီး ခွဲစိတ်ရမလား ၊ ဒီတိုင်း ပတ်တီးနဲ့ ပျောက်မှာလား၊ စတီးချောင်းထည့်ရမှာလား သိနိုင်မှာ ဖြစ်ပြီး ပြင်းထန်မှုအလိုက် အရိုးပြန်ဆက်တဲ့အချိန်လည်း ကြာသွားတတ်နို်င်ပါတယ်။ နောက်ပြီး လူနာရဲ့ အသက်၊ စားသောက်နေထိုင်မှု ပုံစံတွေပေါ်မူတည်ပြီးလည်း အရိုးပြန်ဆက်တာ ကွာခြားသွားနိုင်ပါတယ် ။ ။
ကျိုးသွားတဲ့ အရိုးတစ်ချောင်း ဘယ်လိုပြန်ဆက်လဲ ။ ။
အဆင့် ( ၁ )

ထိခိုက်ဒဏ်ရာ ရပြီးပြီးချင်း နာရီပိုင်းလေးအတွင်းမှာတင် အရိုးဆက်ခြင်းလုပ်ငန်းစတင်ပါတယ်။ ကျိုးသွားတဲ့နေရာပတ်လည်မှာဖူးရောင်လာပြီး ကျိုးသွားတဲ့ အရိုးအပိုင်းစတွေရှင်းဖို့နဲ့ ပိုးတွေသတ်ဖို့ ခုခံအားက ဆဲလ်တစ်ချို့ လွှတ်ပါလိမ်မ့ယ်။ နောက်ပြီး ကျိုးသွားတဲ့နေရာမှာ သွေးလည်ပတ်မှုကောင်းနေမှာဖြစ်လို့ အဲဒီနေရာက ပူနေပါလိမ့်မယ်။ ဒီ အဆင့်က ၁ ပတ်က နေ ၂ ပတ်လောက်အထိကြာတတ်ပါတယ်။
အဆင့် ( ၂ )

အရိုးကျိုးပြီး  ၄ရက်ကနေ ၂၁ ရက် လောက်ကြာတဲ့အခါ အရိုးပတ်လည်မှာ soft callus လို့ခေါ်တဲ့ ကျီးပေါင်း လေးတွေ တက်နေတာကို တွေ့ရတတ်ပါတယ်။ အရိုးလောက်မမာပေမယ့် သွေးခဲ တွေလောက်လည်း မပျော့တဲ့ ကျီးပေါင်းအစိုင်အခဲလေးပါ။ အရိုးကျိုးသွားတဲ့ ပြဿနာတိုင်း Callus ပေါ်ကိုပေါ်လာပါတယ်။ သူရဲ့တာဝန်က ကျိုးသွားတဲ့ အရိုးလေး ပုံစံတစ်ကျပြန်ဖြစ်စေဖို့ အပြင်ကနေထိန်းထားပေးရတဲ့ တာဝန်ပါ။ တကယ်လို့ အဲဒီအချိန်ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေလုပ်မိလိုက်ရင် callus လေးကွဲသွားပြီး အရိုးပြန်ဆက်တာ အစက ပြန်စနေရပါလိမ့်မယ်။
အဆင့် ( ၃ )

အရိုးကျိုးပြီး ၂ ပတ်လောက်အကြာမှာ osteoblasts လို့ခေါ်တဲ့ အရိုးအသစ်ဖြစ်မေယ့် ဆဲလ်လေးတွေ စပြီး အလုပ်လုပ်ရပါပြီ။ ဒီအဆင့်ရောက်ရင်တော့ အပေါ်မှာ ပြောထားတဲ့ soft callus ကျီးပေါင်းအပျော့လေးက အရိုးလောက်နီးနီးမာသွားပြီး hard callus ကို ပြောင်းသွားပါလိမ့်မယ်။ ဒီ အဆင့်က အရိုးကျိုးပြီး ၆ပတ်ကနေ ၁၂ ပတ် လောက်အတွင်းမှာ ပြီးသွားမှာ ဖြစ််ပါတယ်။
အဆင့် ( ၄)

ဒီအဆင့်ကတော့ အရိုးပြန်ဆက်ခြင်းရဲ့ နောက်ဆုံးအဆင့် bone remodeling ( ပုံစံပြန်ချခြင်း) အဆင့်ပါ။ ဒီအဆင့်မှာ တာဝန်ရှိသူတွေကတော့ osteoclasts လို့ခေါ်တဲ့ အရိုးဆဲလ်လေးတွေ ဖြစ်ပြီး အရိုးပြန်ဆက်တုန်းက မညီမညာဖုထစ်နေတဲ့ အရိုးမျက်နှာပြင်တွေကို သူက ပြန်ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒီအဆင့်ရဲ့ ကြာချိန်ကတော့ အရိုးကျိုးပြီး  ၁ နှစ် အတွင်းဖြစ်နိုင်သလို တစ်ချို့ဆို ၉ နှစ်လောက်အထိ ပုံမှန်အရိုးအတို်င်းပြန်ဖြစ်ဖို့ စောင့်ရတတ်ပါတယ်။
ဘယ်လိုအချိန် ဆို ဆရာဝန်ဆီပြန်သွားဖို့လိုအပ်မလဲ ။ ။

  •     ကျိုးသွားတဲ့အရိုးပတ်လည်က အရေပြားတွေ ပြာနှမ်းလာတာ
  •     လက်ချောင်းလေးတွေ ခြေချောင်းလေးတွေ လှုပ်ရှားလို့မရတာ
  •     နာကျင်တဲ့ ဝေဒနာ ပိုပိုဆိုးလာတာ
  •     ကျောက်ပတ်တီးကွဲသွားတာ၊ ပတ်တီးအရမ်းတင်းနေတာ
  •     ပိုးဝင်သလိုဖြစ်သွားပြီး အနာကနေ အရည်တွေထွက်နေတာ၊ ပြည်တည်နေတာနဲ့
  •     ခြေလက်တွေ ထုံကျင်သလိုမျိုါ် အပ်နဲ့ထိုးသလို စူးစူးကလေးဖြစ်နေတာမျိုးတွေ ရှိခဲ့ရင် ဆရာဝန်ဆီ ပြန်သွားပြဖို့ အသေအချာကြီးကို လိုအပ်ပါတယ်။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required