အခြေခံစပါးစျေးနှုန်း သတ်မှတ်ရေးအတွက် စျေးနှုန်းသုံးမျိုး အကြံပြု

အခြေခံစပါးစျေးနှုန်း သတ်မှတ်ရေးအတွက် စျေးနှုန်းသုံးမျိုး အကြံပြု
Photo - EPA

ရန်ကုန်၊ စက်တင်ဘာ ၁၄ ။           ။ အခြေခံစပါးစျေးနှုန်း သတ်မှတ်ရေးအတွက် နိုင်ငံတော်အစိုးရသို့ စျေးနှုန်းသုံးမျိုး အကြံပြုတင်ပြ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူများထံက သိရသည်။

“ကုန်သည်စက်ပိုင်အများစုကတော့ အရင်သတ်မှတ်ထားတဲ့ နှုန်းအပေါ်မှာ ဆက်ပြီးဆောင်ရွက်ဖို့ ဆန္ဒ ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတော်ကို အကြံပြုတဲ့ အခါမှာတော့ပုံစံ သုံးမျိုးနဲ့တင်ပြဖို့ရှိပါတယ်။ တစ်မျိုး က လေးသိန်းရှစ်သောင်း၊ နောက်တစ်ခုက ငါးသိန်း၊ နောက်တစ်ခုက ငါးသိန်းနှစ်သောင်း ၊ဒီအပေါ်မှာ နိုင်ငံတော်အစိုးရက ရွေးချယ်ပြီးတော့ အကောင်းဆုံးကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ယခုနှစ်ဆန်စပါးစျေးကွက်တွင် ပြည်တွင်းဆန်လက်ကျန် အနေအထားအရ ငွေကြေးထည့်ဝင်မှု လိုအပ်ပြီး၊ နိုင်ငံတော်မှ အမှန်တကယ်ဝယ်ယူပေးရန်လည်း လိုအပ်ကြောင်း ၄င်းကဆိုသည်။

မကြာမီလပိုင်းအတွင်း စပါးသစ်များ ထွက်လာတော့မည် ဖြစ်သော်လည်း လက်ရှိတွင် ပြည်တွင်းဆန် လက်ကျန်များနေသောကြောင့် စက်ပိုင်များနှင့် ဆန်ပြည်ပပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် စပါးအသစ် များကို ဝယ်ယူ ပေးရန် အခက်အခဲဖြစ်နေသည်ဟု လုပ်ငန်းရှင်များက ပြောကြားထားသည်။

သတ်မှတ်စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် ၄၆ပေါင်ကိုက် စပါးတင်း၁ဝဝလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်က အခြေခံစပါးစျေးနှုန်းအဖြစ် ၂၀၁၈ခုနှစ် မတ်လ အတွင်း က သတ်မှတ်ထုတ်ပြန်ထားသည်။ ယခုနှစ်တွင် အခြေခံစပါးစျေးနှုန်းကြေညာခြင်းကို နိုင်ငံတော် အစိုးရ ကတောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် အညီဖွဲ့ စည်းထားသည့် ဦးဆောင်အဖွဲ့က ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

“ အခြေခံစပါးစျေးနှုန်းကြေညာတဲ့ အခါမှာ မြန်မာနို်င်ငံဆန်စပါး အသင်းချုပ်ရဲ့ ရပ်တည်ချက်ကတော့ အခြေခံစျေးနှုန်းသည် အခြေခံစျေးပဲ ဖြစ်ပါတယ်။ စျေးကွက်ပေါက်စျေး မဟုတ်ပါဘူး။ အဲတော့ အခြေ ခံစျေးသည့် တောင်သူလယ်သမားတွေ ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ်မှာ အကျိုးအမြတ် ၃၀ ရာခိုင် နှုန်း ကနေ ၅၀ ရာခိုင်နှုန်းလောက်ထိ အနည်းဆုံး အကျိုးအမြတ်ကို အာမခံတဲ့ အခြေခံစျေး ဖြစ်ဖို့ပေါ့။ အဲတော့ တောင်သူ လယ်သမားတွေရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကျွန်တော်တို့ စနစ်တကျ တွက်ချက်မယ်။ ပြီးတော့မှ အခြေခံစျေးနှုန်းကို သတ်မှတ်ကြေညာနိုင်ဖို့အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အကြံပြု တင်ပြသွားမှာ ဖြစ်ပါတယ်” ဦးရဲမင်းအောင်က ဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး မှ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီတွင် စက်တင်ဘာလ ၁၄ ရက်နေ့ကဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly