ဒေါ်နော်အုန်းလှအပေါ် အစိုးရမှ တရားစွဲဆိုထားမှု ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့အစည်းများ တောင်းဆို

ဒေါ်နော်အုန်းလှအပေါ် အစိုးရမှ တရားစွဲဆိုထားမှု ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့အစည်းများ တောင်းဆို

ရန်ကုန်၊ စက်တင်ဘာလ ၁၄ ။        ။ ကရင့်အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပခဲ့မှုကြောင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ (ငြိမ်းစု စီ) ဥပဒေ ပုဒ်မ ၂၀ ဖြင့်တရားစွဲဆိုခံထားရသည့် ဒေါ်နော်အုန်းလှအမှုကို ရုပ်သိမ်းပေးရန် အရပ်ဖက်အဖွဲ့ အစည်းများက တောင်းဆိုခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အဆိုပါသဘောထားထုတ်ပြန်ချက်တွင် အရပ်ဖက် အဖွဲ့အစည်း ၂၈၉ ဖွဲ့က အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်ပျက်ပြားစေသည့် အစိုးရ၏ တရားစွဲဆို မှုအပေါ် ရပ်သိမ်းပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။

"ဗမာမှာမဟုတ်ဘူး။ ကရင်၊ကချင် စတဲ့တိုင်းရင်းသားအားလုံးမှာ အာဇာနည်လို့သတ်မှတ်တဲ့ လူရှိမှာပဲလေ။ သူတို့သတ်မှတ်တဲ့သူသည် သူတို့အာဇာနည်ပါ။သူတို့ရဲ့အခွင့်အရေးကိုး၊ သူတို့ရဲ့အခွင့်အရေးကို ရပိုင်ခွင့် ခံစားပိုင်ခွင့် တွေရှိသလို လူမျိုးစုရေးရာအရလည်း ခံစားပိုင်ခွင့်ရပိုင်ခွင့်တွေရှိနေတာပဲ။ ဒါကတော့ သူတို့ရ ပိုင်ခွင့်လို့ထင်ပါတယ် " ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အရပ်ဖက်အဖွဲ့စည်း ၂၈၉ ခုကိုယ်စား ကိုဇော်သန်း က မဇ္စျိမသတင်းဌာန ကိုပြောသည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် " အာဇာနည်နေ့ဟူသည့့် အသုံးအနှုန်းကိုအစိုးရနှင့်သာ သက်ဆိုင်သည့် သဘော ထားအမြင်မျိုး ထားရှိနေခြင်းသည် တရားမျှတမှုနှင့် တန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး အပေါ်အသိအမှတ်မပြုလိုသည့် သဘောကို သိသာပေါ်စေသည် " ဟု ပါရှိသည်။

ထို့အပြင် ယခုကဲ့သို့ တရားလက်မဲ့ပြုကျင့်မှုများသည် အစိုးရမှ တတွင်တွင် ပြောဆိုနေသည့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ဖီလာဆန့်ကျင်ပြီး၊ လူမျိုးစုတစ်စု နှင့် တစ်စုကြား ပိုမို သွေးကွဲစေသည့် ၊ နာကျည်းမှုများ ပိုမိုများပြားစေသည့် လုပ်ရပ်မျိုးပင်ဖြစ်သည်ဟုဖော်ပြထားသည်။

" တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ၊ အခန်း(၃) တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့်ရပိုင်ခွင့်များခေါင်းစဉ်၏ အပိုဒ်ခွဲ ၄(ဂ) ဖြစ်သော၊ မိမိတို့ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ ဆောင်ရွက်သောအခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကိုလွတ်လပ်စွာ ကျင်းပ ခွင့်ရသည် ဆိုသောအချက်နှင့် အပိုဒ်ခွဲ ၄(ည)မိမိတို့ တိုင်းရင်းသားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက် သည့် ဥပဒေထဲပင်၊ မည်သူမျှ၏ ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ခိုင်လုံ သော အကြောင်းပြချက်မရှိဘဲ ပိတ်ပင်တားဆီးခြင်းမပြုရ ဟုဖော်ပြထားရာ ယခုဖမ်းဆီးမှုသည် တည်ဆဲဥပဒေ ကိုကျော်လွန်စွာဖြင့် ဖမ်းဆီး လုပ်ဆောင်ခဲ့ခြင်း ထင်ရှားလှသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သြဂုတ်လ ၁၂ ရက်နေ့က မဟာဗန္ဓုလပန်းခြံရှေ့တွင် ဒေါ်နော်အုန်းလှက ကရင့်အာဇာနည်နေ့ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းတွင် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ရဲစခန်းတွင် အာမခံမပေးခဲ့သည့်အတွက် စက်တင်ဘာလ ၁၀ ရက်နေ့ တွင် ကျောက်တံတားမြို့နယ် တရားရုံးသို့တရားစွဲဆိုတင်ပို့ခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် ကရင့်အာဇာနည်နေ့ ဆိုသည့် စကားရပ်အစား တစ်ခြားစကားရပ် ကိုပြောင်းသုံးရန် ပြန်လည်အကြောင်းကြောင်းခဲ့ ကြောင်း နှင့် မလိုက်ခဲ့ခြင်း တို့ကြောင့် ငြိမ်းစုစီပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required