ဗလင်စီယာနဲ့ပွဲအတွက် မက်ဆီ ဆက်လက်လွဲချော်အုံးမှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းလူစာရင်းမှာ ဆွာရာဇ် ပါဝင်လာနိုင်ဖွယ်ရှိ

ဗလင်စီယာနဲ့ပွဲအတွက် မက်ဆီ ဆက်လက်လွဲချော်အုံးမှာဖြစ်ပေမယ့် ဘာစီလိုနာအသင်းလူစာရင်းမှာ ဆွာရာဇ် ပါဝင်လာနိုင်ဖွယ်ရှိ
Photos: EPA

ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီက မနက်ဖြန် မနက်အစောပိုင်းမှာ ကစားမယ့် ဗလင်စီယာနဲ့ပွဲမှာ တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းထံ ပြန်လာနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ မက်ဆီကတော့ ဆက်လက်လွဲချော်ခဲ့တယ်လို့ သောကြာနေ့က ပြောပါတယ်။

"ဆွာရက်ဇ်ဟာ မနေ့ကနဲ့ ဒီကနေ့မှာ လေ့ကျင့်ခန်း အပြည့်ဆင်းနိုင်ပြီး အသင်းနဲ့အတူ ပူးပေါင်းခဲ့ပါတယ်။"လို့ ဗယ်လ်ဗာဒီက ပြောပါတယ်။ "သူ ကစားနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။"

အသက် (၃၂)နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ သြဂုတ်လ ၁၆ ရက်က ဘီလ်ဘာအိုကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်တဲ့ လာလီဂါအဖွင့်ပွဲစဉ်မှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ပြီး တစ်လခန့် အနားယူခဲ့ရသူဖြစ်ပါတယ်။ အခုအခါ သူ့အနေနဲ့ အသင်းနဲ့အတူ အပြည့်အဝလေ့ကျင့်မှုပြုလုပ်နိုင်ခဲ့ပြီးနောက်မှာတော့ ဗလင်စီယာနဲ့ပွဲအတွက် လူစာရင်းမှာ ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဆွာရက်ဇ်လိုပဲ ခြေသလုံးကြွက်သားဒဏ်ရာပြဿာနာရှိနေတဲ့ မက်ဆီကတော့ ကြံ့ခိုင်မှုမပြည့်ဝသေးပေမယ့် လာမယ့် အင်္ဂါနေ့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပြန်လာနိုင်ဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။

ဗယ်လ်ဗာဒီက "သူ (ဒေါ့မွန်နဲ့ပွဲ) ပြန်လည် ကစားနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ခန့်မှန်းချက်တွေ ပေးအတွက် ဘာမှတော့ ကျနော် မပြောချင်ပါဘူး။ ဒါပေမယ့် အင်္ဂါနေ့နဲ့ပွဲအတွက် ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။"လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုရာသီအစမှာ ဆွာရက်ဇ်၊ မက်ဆီ စတဲ့ အဓိက ကစားသမားတွေ မပါဝင်နိုင်တာကြောင့် ရလဒ်ဆိုးရွားခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစအဖြစ် လာလီဂါ (၃)ပွဲ ကစားခဲ့ရာမှာ (၁)ပွဲသာ အနိုင်ရထားပါတယ်။

ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့ (မြန်မာစံတော်ချိန် မနက် ၁း၃၀ နာရီ)မှာ ဗလင်စီယာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly