အလုပ်ကိစ္စ ခရီးစဉ်အတွင်း လိင်ဆက်ဆံပြီး သေဆုံးသွားတဲ့ ပြင်သစ်အမျိုးသားတစ်ဦးရဲ့ဖြစ်စဉ်ဟာ အလုပ်နဲ့ သက်ဆိုင်တဲ့ မတော်တဆမှုဟု တရားရုံးက ဆုံးဖြတ်

အလုပ်ကိစ္စ ခရီးစဉ်အတွင်း လိင်ဆက်ဆံပြီး သေဆုံးသွားတဲ့ ပြင်သစ်အမျိုးသားတစ်ဦးရဲ့ဖြစ်စဉ်ဟာ အလုပ်နဲ့ သက်ဆိုင်တဲ့ မတော်တဆမှုဟု တရားရုံးက ဆုံးဖြတ်

စက်တင်ဘာ ၁၃  ။         ။ အလုပ်ကိစ္စ ခရီးစဉ်တစ်ခုအတွင်းမှာ လိင်ဆက်ဆံပြီး နှလုံးအမောဖောက် သေဆုံးသွားတဲ့ ပြင်သစ် အမျိုးသားတစ်ဦးဟာ အလုပ်နဲ့ သက်ဆိုင်တဲ့ မတော်တဆမှုကို တွေ့ကြုံခဲ့ရခြင်း ဖြစ်တဲ့အတွက် ၎င်းရဲ့ အလုပ်ရှင်ဟာ တာဝန်ယူရမှာဖြစ်ကြောင်း ပြင်သစ်တရားရုံးတစ်ခုက ဆုံးဖြတ်လိုက်ပါတယ်။

ဇာဗီးယား အမည်ရ အဆိုပါ ပြင်သစ် အမျိုးသားဟာ ၂၀၁၃ ခုနှစ်က ပြင်သစ် အလယ်ပိုင်း Loiret ဒေသကို အလုပ်ကိစ္စနဲ့ ခရီးသွားလာခဲ့ကြောင်း၊ ၎င်းဟာ ရထား ကုမ္ပဏီ TSO ရဲ့ လုံခြုံရေး နည်းပညာရှင်တစ်ဦးအဖြစ် သွားလာခဲ့ခြင်းဖြစ်ကြောင်း တရားရုံး မှတ်တမ်းများအရ သိရပါတယ်။

တစ်ညတာ အလုပ်လုပ်ပြီးနောက် ၎င်းဟာ အမျိုးသမီးတစ်ဦး ဆီ သွားရောက်ခဲ့ပြီး သူမရဲ့ နေအိမ်မှာ လိင်ဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။ ယင်းနောက် ၎င်း တည်းခိုရာ ဟိုတယ်ကို ပြန်လာခဲ့ပါတယ်။ ယင်းနောက်မှာပဲ ၎င်းအမျိုးသားဟာ နှလုံးအမောဖောက်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီ သေဆုံးမှုဟာ တကယ်တမ်းမှာ အလုပ်နဲ့ ဆိုင်တဲ့ မတော်တဆမှုတစ်ခုကြောင့် ဖြစ်တာလို့ ကျန်းမာရေး အာမခံ ကုမ္ပဏီတစ်ခုက ဆုံးဖြတ်ခဲ့့ပါတယ်။ ယင်းဆုံးဖြတ်ချက်ကိုတော့ TSO က အယူခံဝင်ခဲ့ပါတယ်။ ၎င်းတို့ ဝန်ထမ်းဟာ အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်ပြီး ၎င်းရဲ့ အလုပ်ခရီးစဉ်ကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ဒါဟာ ကုမ္ပဏီရဲ့ အာဏာစက်ပြင်ပမှာ လုပ်ကိုင်ခဲ့တာဖြစ်ကြောင်း ချေပခဲ့ပါတယ်။

ဒါပေမယ့် အာမခံကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ပါရီမြို့ အယူခံတရားရုံးက ပြီးခဲ့တဲ့ မေလက စစ်ဆေးကြားနာစဉ် ဆက်လက်အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်က ပြင်သစ် ရှေ့နေတစ်ဦးဖြစ်တဲ့ Sarah Balluet က ယင်း အမှု အသေးစိတ်အချက်အလက်ကို LinkedIn မှာ တင်ခဲ့ပြီးနောက် ယင်းကိစ္စကို လူစိတ်ဝင်စားမှု များခဲ့တာဖြစ်ပါတယ်။

ပြင်သစ် ဥပဒေတွေအရ အလုပ်ကိစ္စခရီးစဉ်တစ်ခုအတွင်းမှာ ဖြစ်တဲ့ မတော်တဆမှုတိုင်းကို အလုပ်နဲ့ ဆိုင်တယ်လို့ သတ်မှတ်ယူဆတာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required