နှမ်းအိတ်များ ကျပ်သိန်း ခြောက်ရာဖိုးလိမ်လည်ခံရသဖြင့် အမှုဖွင့်

နှမ်းအိတ်များ ကျပ်သိန်း ခြောက်ရာဖိုးလိမ်လည်ခံရသဖြင့် အမှုဖွင့်

မကွေး၊ စက်တင်ဘာ ၁၃ ။           ။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျပ်သိန်း ခြောက်ရာတန်ဖိုးရှိသော နှမ်းအိတ်များကို လိမ်လည်သွားသောကြောင့် အမှုဖွင့်တိုင်တန်းမှုတစ်ခု စက်တင်ဘာလ ၁၂ရက်နေ့က ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာတွင် နေထိုင်သော သီးနှံ လုပ်ငန်းပိုင်ရှင် ဦးသိန်းတန်သည် ယာဉ်မောင်းဖြစ်သူ - ဦးအေးဝင်းဇော် အသက် ၄၀ နှစ်အား တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းခွဲတန်ဖိုးရှိသော နှမ်းအိတ်ပေါင်း ၄၀၀(တန်ဖိုး ကျပ်သိန်း ၆၀၀) အားအဝါရောင် ၁၂ ဘီး ယာဉ်ဖြင့် မန္တလေးမြို့ပွဲရုံသို့ ပို့ဆောင်ပေးရန် ယုံကြည်စွာအပ်နှံခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ယာဉ်မှာမန္တလေးမြို့ရောက်ရှိခြင်းမရှိဘဲ လမ်းခရီးတွင်ပျောက်ဆုံးခဲ့သဖြင့် ဆတ်သွားနယ်မြေ ရဲစခန်း တွင် နှမ်းအိတ်များ၏ ပိုင်ရှင် ဦးသိန်းတန်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆတ်သွားနယ်မြေရဲစခန်းမှ ပ/၁၀၈-၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၄၀၇ ဖြင့် အမှု ဖွင့်ခဲ့ပြီး အခြားမြို့နယ်ရဲတပ်ဖွဲ့စခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီး သရက်-ကံမ ကားလမ်းပေါ်ရှိ တောင်တီးကျေးရွာအနီးတွင် စက်တင်ဘာလ ၁၂ ရက်နေ့၊နံနက်ပိုင်း ၂ နာရီအချိန်ခန့်၌ ပျောက်ဆုံးနေသော ကားကို  ဖမ်းဆီးရမိခဲ့ကြောင်း ကံမမြို့နယ် ရဲစခန်းမှ သိရသည်။

ပျောက်ဆုံးခဲ့သည့် နှမ်းအိတ်များတင်ဆောင်ထားသည့်ယာဉ်ကို ယာဉ်မောင်းဖြစ်သူ ဦးအေးဝင်းဇော်မှ မောင်း နှင်ခဲ့ပြီး တောင်တွင်းကြီးမှ ထွက်ခွာကာ မန္တလေးမြို့သို့ဆက်လက်မောင်းနှင်ခဲ့ခြင်းမရှိဘဲ မကွေးမြို့နှင့် တောင် တွင်းကြီးမြို့အကြားရှိ သစ်ရာကောက်ကျေးရွာအလွန်၊ မိချောင်းရဲလမ်းဆုံ၌ ကားစတေကာများနှင့် ယာဉ်၏ နံပါတ်ပြားတို့အား ပြောင်းလဲတပ်ဆင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ပုသိမ် -မုံရွာကားလမ်းအတိုင်း ဆက် လက်မောင်းနှင်ကာ ဥသျှစ်ပင်မြို့တွင် နှမ်းအိတ် တစ်ရာကိုရောင်းချခဲ့ကြောင်း ထိုမှ သရက်မြို့သို့ပြန်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်ခဲ့သူ ယာဉ်မောင်းဦးအေးဝင်းဇော်နှင့် အကူပါလာသူ ဦးအေးမြင့်သိန်းတို့ အား နှမ်းအိတ်များတင်ဆောင်လာသည့် ၁၂ ဘီးယာဉ်နှင့်အတူ စက်တင်ဘာလ ၁၂ ရက်၊ ညနေပိုင်းတွင် တောင်တွင်းကြီးမြို့နယ် ဆတ်သွားနယ်မြေရဲစခန်းမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကံမမြို့နယ်ရဲစခန်းမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly