ဆေးခြောက်မျိုးနွယ်ပင် စိုက်ပျိုးရန် ဥပဒေပြင်ဆင်ရေး ပြည်ထဲရေးဝန်ကြီးဌာန သဘောတူ

ဆေးခြောက်မျိုးနွယ်ပင် စိုက်ပျိုးရန် ဥပဒေပြင်ဆင်ရေး ပြည်ထဲရေးဝန်ကြီးဌာန သဘောတူ

နေပြည်တော်၊ စက်တင်ဘာ ၁၂။           ။ ဆေးခြောက်မျိုးနွယ်ပင် တစ်မျိုးဖြစ်သည့် စက်မှုလျှော်ပင် Industrial Hump စိုက်ပျိုးရန်အတွက် လက်ရှိ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ရန်် ပြည်ထဲရေးဝန်ကြီးဌာနထံမှ သဘောတူညီချက်ရရှိထားသည်ဟု  ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသ ဖွံဖြိုးရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းလင်းက ပြောသည်။

အဆိုပါ စက်မှုလျှော်ပင်တွင် မူးယစ်စေတတ်သည့်အာနိသင်ပါဝင်မှု ၀.၃ ရာခိုင်နှုန်းအောက်သာရှိပြီး ကမ္ဘာပေါ်မှ နိုင်ငံပေါင်း ၅ဝကျော်ခန့်က စက်မှုသုံးလျှော်အဖြစ်စိုက်ပျိုးနေကြောင်း သိရသည်။ လက်ရှိ မြန်မာနိုင်ငံမှ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲတတ်သော ဥပဒေထဲတွင် ဆေးခြောက်ပင်မှန်သမျှကို မူးယစ်ဆေးဝါးဟု သတ်မှတ်ထားသည်။

“နောက်ဒီလိုပြင်မယ်ဆိုလို့ရှိရင်လည်းပဲ ပြည်ထဲရေး ဝန်ကြီးဌာနက သဘောတူပါတယ်။ပြင်ဖို့အတွက်။ ရှေ့နေချုပ်ရုံးကလည်း လိုအပ်တဲ့ ဥပဒေအရေးအသား ဘာညာကို ကူညီပေးမယ်လို့ ပြောပါတယ်” ဟု ဦးရန်လင်းကပြောသည်။

ထို့သို့ဥပဒေကို ပြင်ဆင်ဖို့ရေးဆွဲပါက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို နိုင်ငံချင်းချိတ်ဆက်ဆောင်ရွက် နေသည့် ကုလသမဂ္ဂ UNODC အဖွဲ့မှ သက်ဆိုင်သူများကိုခေါ်ယူပြီး အကြံအဉာဏ်များတောင်းသင့်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြံပြုထားသည်ဟု ဦးရန်လင်းကဆက်ပြောသည်။

 “ကျွန်တော်တို့ ရည်မှန်းထားတာတော့ဒီနှစ်ကုန်ပေါ့။ ဒီနှစ်ကုန် ရှေ့နှစ်ဆန်းလောက်ဆိုရင် တရားဝင် စိုက်နိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးရန်လင်းကပြောသည်။

အဆိုပါအပင်တွင်ပါရှိသော မူးယစ်စေတတ်သည့် အာနိသင် ၀.၃ ရာခိုင်နှုန်းအောက်သည် နိုင်ငံတကာ၏ လေ့လာတွေ့ရှိချက်များသာ ဖြစ်ပြီး အဆိုပါပမာဏပါဝင်မှု ရှိမရှိအား စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ကျန်းမာ ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးရန်လင်းကရှင်းပြသည်။

စက်မှုလျှော်ပင် Industrial Hump အပင်သည် သက်တမ်းအားဖြင့် လေးလသာ အချိန်စောင့်ဆိုင်းရပြီး နိုင်ငံခြားမှလည်း ကုန်ကြမ်းလိုအပ်ချက်ရှိနေသည့် အပင်မျိုးဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ နိုင်ငံမှာ စပါးစိုက်လို့တောင်သူတွေ ဝင်ငွေနည်းနေတဲ့အချိန်မှာ ဒီလိုဝင်ငွေကောင်းတဲ့ ပစ္စည်း တစ်မျိုးကို တချို့ ဒီစပါးစိုက်လို့ မရတဲ့နေရာတွေမှာ စိုက်စေချင်ပါတယ်” ဟု ဦးရန်လင်းကဆက် ပြောသည်။

စက်မှုသုံးလျှော်ပင်မှ ချောကလက်၊ ကင်ဆာပျောက်ဆေး၊ မော်တော်ကားဒက်ရှ်ဘုတ်၊ စက္ကူစသည့် ပစ္စည်း အမျိုးပေါင်း ၅ဝဝဝဝကျော်ခန့်ကို ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၅၇ နိုင်ငံခန့်မှ စိုက်ပျိုး ထုတ်လုပ်နေကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required