ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို မရမ်းကုန်းတရားရုံးတွင် စွဲချက်တင်

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို မရမ်းကုန်းတရားရုံးတွင် စွဲချက်တင်
ဓာတ်ပုံ - ကရိုင်နူးရာ

ရန်ကုန်၊ စက်တင်ဘာ ၁၂ ။         ။ တပ်မတော်က တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်(၅)ဦးအမှုအတွက် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(က)ဖြင့် စွဲချက်တင်ကြောင်း စက်တင်ဘာလ ၁၂ရက်နေ့က မရမ်းကုန်း တရားရုံးမှ အမိန့် ချမှတ်လိုက်တယ်။  

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ သံချပ်ထိုးဖျော်ဖြေခဲ့သော စာသားများတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်၍ မရမ်းကုန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

''ဒါကတော့ တရားရုံးက လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးအမိန့်ချတာပါ။ တစ်ဖက်ကတော့ သူတို့က ပြန်ပြီး လျှောက်လဲချက်ပေးအုံးမှာပေါ့။ ဥပဒေအရ မျှတအောင် သူတို့ပြန်ပြီး လုပ်မှာပေါ့။ '' ဟု ရန်ကုန်တိုင်း စစ်ဌာ နချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ပြောသည်။

ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုလိုက်သည့်အပေါ် အနောက်ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက်တင်ပြသွားမည် ဟု တရားစွဲဆိုခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

''တရားစီရင်ရေးပိုင်းကလည်း စွဲချက်တော့ တင်လိုက်ပြီ။ သို့သော် ကာကွယ်ခုခံရေး လမ်းကြောင်းပေး လိုက်တယ် လို့ပဲ ယူဆတယ်။ အပြစ်မရှိတာကို ကျောင်းသားတွေဘက်က ဖြေရမယ့်အလှည့်ရောက်သွားပြီ။ လောလော ဆယ်တော့ စွဲချက်ကို တင်လို့မရတဲ့အချက်တွေလည်း ရှိနေတဲ့အတွက် ဆရာမတို့ဘက်က ပြင်ဆင်မှုတက်မှာ ဖြစ်တယ်။ ပြင်ဆင်မှုက ထူးခြားမှုရှိမလား မရှိဘူးလားဆိုတာတော့ ဆက်လက်စောင့် ကြည့်ရမှာ ဖြစ်တယ်။ ထူးခြားလာတယ်ဆိုရင်လည်း သူတို့တရားရှင် လွတ်သွားနိုင်တာပေါ့။'' ဟု တရားလွှတ် တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသား၊ မကေခိုင်ထွန်း တို့ကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားပြီး သြဂုတ်လ (၂၈)ရက်နေ့က ဆက် သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် ထပ်မံတရားစွဲဆိုခဲ့သည်။  

ထပ်မံတရားစွဲဆိုထားသည့် ပုဒ်မ ၆၆(ဃ)အတွက် CMP (မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ) တင် ရန် ဆက်လက်လုပ်ဆောင်နေပြီး၊ ၆၆(ဃ)အတွက် တရားလိုအား စစ်ဆေးနေသည့်အဆင့်ဖြစ်ကြောင်း သိရ သည်။

''၆၆(ဃ)ကတော့ အွန်လိုင်းပေါ်မှာ အသရေဖျက်လို့ပေါ့။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်။ တစ်ချို့ဟာဆိုရင် ရိုင်းရိုင်းစိုင်းစိုင်း အသုံးအနှုန်းတွေပါတယ်။ နောက်ပြီး သူတို့ သံချပ်ထိုးတဲ့ဟာကို အင်တာ နက် အွန်လိုင်းပေါ် လွှင့်တင်တယ်။ အဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုရခြင်းဖြစ် တယ်။ ပုဒ်မပါ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီတဲ့အတွက် တရားစွဲခြင်း ဖြစ်ပါတယ်။ '' ဟု တရားလိုဖြစ်သူ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ပြောသည်။

အဆိုပါ သံချပ်ထိုးခြင်းနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်၊ တပ်မတော်ကို အကြည်အညိုပျက်စေရန် လုပ်ငန်းများ မလုပ်နိုင်စေရန် စသည့်စိတ်များပေါ်ပေါက်အောင် လှုံ့ဆော်ခြင်း မဟုတ်ဘဲ၊ တပ်မတော်သည် မိမိတာဝန်ဖြစ်သည့် ကာကွယ်ရေးကို အပြည့်အဝလုပ်ဆောင်ကာ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍများမှ ထွက်သွားသင့်ကြောင်းကို အနုပညာတစ်ရပ်အနေဖြင့် ဖန်တီး၍ သံချပ်ထိုးခဲ့ခြင်း ဖြစ်သောကြောင့် မိမိတို့တွင် အပြစ်မရှိကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ငါးယောက်စလုံးက တရား ခွင်တွင် ငြင်းဆိုခဲ့သည်ဟု သိရသည်။

''ကျွန်တော်တို့ မျှော်မှန်းထားတဲ့အတိုင်း ဒီနေ့စွဲချက်တင်ပါတယ်။ ကျွန်တော်တို့ဟာ သင်္ကြန်ကာလမှာ လွတ် လပ်စွာပြောဆိုခွင့်ကို ကျွန်တော်တို့ ယုံကြည်ချက်အတိုင်း ကျွန်တော်တို့ သံချပ်ထိုးတယ်။ ကျွန်တော်တို့ စစ်တပ် ကို ဖွဲ့စည်းပုံပြင်စေချင်တယ်။ နောက်ပြီးတော့ နိုင်ငံရေးကဏ္ဍကနေ ထွက်သွားစေချင်တယ်။ အဲ့တာ ကြောင့် နှစ်စဉ်နှစ်တိုင်း သံချပ်တွေနဲ့ ပြည်သူတွေကို လှည့်လည်ဖျော်ဖြေတယ်။ ဒီနှစ်မှလည်း ဖျော်ဖြေတယ်။ အဲ့လို ဖျော်ဖြေမှုကြောင့် ကျွန်တော်တို့ကို စွဲချက်တင်လိုက်တယ်။ တိုင်းပြည်မှာ ခုချိန်လက်နက်ကိုင်တိုင်းရင်း သား တွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် စားပွဲခုံပေါ်မှာ စကားပြောနေကြတဲ့အချိန်မှာ ဒီလိုစွဲချက်တင် လိုက် တာ ဟာ တရားတဲ့ ကိစ္စမဟုတ်ဘူးလို့ မြင်တယ်။ ကျွန်တော်တို့က လက်နက်ကိုင် အကြမ်းဖက်အဖွဲ့အစည်း မ ဟုတ်ဘူး။

ပဋိပက္ခတွေ ဖန်တီးနေတဲ့အဖွဲ့အစည်းလည်း မဟုတ်ဘူး။ အကယ်၍ကျွန်တော်တို့မှာ လက်နက်ရှိခဲ့ မယ်ဆိုရင် ကျွန်တော်တို့လက်နက်က သံချပ်ပဲဖြစ်တယ်။'' ဟု တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်သည့် ကိုဇေယျာ လွင်မှ ပြောသည်။အမှုအတွက် နောက်တစ်ပတ်ရုံးချိန်းကို စက်တင်ဘာလ ၁၉ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly