အမျိုးသားပို့ကုန်မဟာဗျူဟာ၏ အရေးကြီးသီးနှံစာရင်းတွင် ကြက်သွန်ဖြူကဏ္ဍပါဝင်လာရေး ဆောင်ရွက်နေ

အမျိုးသားပို့ကုန်မဟာဗျူဟာ၏ အရေးကြီးသီးနှံစာရင်းတွင် ကြက်သွန်ဖြူကဏ္ဍပါဝင်လာရေး ဆောင်ရွက်နေ
ဓာတ်ပုံ -ကေဇူး(AMIA)

ရန်ကုန်။ စက်တင်ဘာ ၁၂ ။              ။ အမျိုးသားပို့ကုန်မဟာဗျူဟာ  (National  Export Strategy – NES) ၏ အရေးကြီးသီးနှံများထဲတွင် ပြည်တွင်းထုတ်လုပ်မှုရှိသည့် ကြက်သွန်ဖြူကဏ္ဍပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရသည်။

“ ကြက်သွန်ဖြူက သိပ်ကြီးမားတဲ့ ပို့ကုန်တော့မဟုတ်ပါဘူး။ သို့သော်သူကပြည်တွင်းထုတ်လုပ်မှုရှိတယ်။ ပြည်ပကဝင်လာရင် ထုတ်လုပ်သူထိခိုက်တယ်။ဒါကြောင့် ပြည်တွင်းကတောင်သူလယ်သမား တွေရဲ့ ထုတ်လုပ်မှုကို မထိခိုက်အောင်၊ စျေးကွက်ရရင်ရသလို တင်ပို့နိုင်အောင် သူ့ကိုလေ့လာပြီးအကူ အညီ ပေးတဲ့ကဏ္ဍတစ်ခုအနေနဲ့စပြီးဆောင်ရွက်ပေးနေတာပါ။အမျိုးသားပို့ကုန်မဟာဗျူဟာထဲကို အပြည့်အဝ ထည့်လိုက်တာတော့ မဟုတ်သေးဘူး၊” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးအောင်စိုးက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပပို့ကုန်မြင့်တင်နိုင်ရေးအတွက် အမျိုးသား ပို့ကုန်မဟာဗျူဟာ(National  Export Strategy – NES) တွင် အလားအလာရှိသည့်ပို့ကုန်အမယ်များကို သတ်မှတ်ကာ ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယင်းသို့ဆောင်ရွက်ရာတွင်ကုန်စည်များ၏  ပြည်တွင်းထုတ်လုပ်မှုပိုင်း၊  ကုန်သွယ်မှုပိုင်းဆိုင်ရာ သတင်း အချက်အလက်များ၊ ကုန်စည်များ၏ ပြည်တွင်း၊ပြည်ပ စျေးကွက်အခြေအနေ စသည့် သတင်း အချက် အလက်များကို လေ့လာကာ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

“ကြက်သွန်ဖြူကို အလားအလာရှိတယ်ဆိုရင်တော့ NESမှာထည့်မယ်။ သို့သော်လည်း ပို့ကုန်မဟာဗျူဟာ ဆိုတာ သိပ်အများကြီး မပို့နိုင်ဘဲနဲ့၊ ထည့်ပြန်ရင်လည်း အရေးကြီးတဲ့ အမယ်တွေကို မလုပ်နိုင်မှာစိုးရတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ အတိုင်းအတာအလျောက် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ကုန်သွယ်မှု ဗဟိုဌာန ခွဲတွေက တင်ပို့မှု မြှင့်တင်နိုင်ရေးအတွက် အကူအညီပေးသွားမယ်” ဟု ဦးအောင်စိုး က ဆက်လက် ပြောဆိုသည်။
ကြက်သွန်ဖြူကို  တရုတ်၊ထိုင်းနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့်အဓိက တင်ပို့နေပြီး၊  ဗီယက်နမ် နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကိုလည်း အထိုက်အလျောက်တင်ပို့နေကြောင်း တစ်နှစ်လျှင် ပျဉ်းမျှတန်ချိန် နှစ်သောင်းကျော်မှ သုံးသောင်းဝန်းကျင်အထိ တင်ပို့နေကြောင်း မြန်မာနိုင်ငံစားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှသိရသည်။သို့သော် ယခုနှစ်တွင် ပြည်ပဝယ်လိုအားကျ၍ တင်ပို့မှု လျော့ကျနိုင်ကြောင်း အဆိုပါ အသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးခင်ဟန်ကဆိုသည်။

NES စီမံချက်တွင် ကနဦးအနေဖြင့် ဆန်စပါး၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံ၊ ရေထွက်ကုန်ပစ္စည်း၊ ရာဘာ အထည် အလိပ်နှင့် အဝတ်အထည် စသည့်တို့ကို ကနဦးဦးစားပေး ပို့ကုန်အမယ်များ အဖြစ် သတ်မှတ် ထည့်သွင်းခဲ့ပြီး၊ အခုအခါတွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန် နှင့် Food Processing ကဏ္ဍ တို့ကို ထပ်မံတိုးချဲ့ ထည့်သွင်းထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဝန်ဆောင်မှုပိုင်း၌ ဦးစားပေးကဏ္ဍအဖြစ် ခရီးသွားလုပ်ငန်းကိုပါ ထည့်သွင်း ဆောင်ရွက်နေပြီး အဆိုပါ ဦးစားပေးကဏ္ဍများကို အထောက်အကူပြုမည့် ဝန်ဆောင်မှုကဏ္ဍများအဖြစ် ကုန်သွယ်မှုဆိုင်ရာ ငွေကြေးဝန် ဆောင်မှု၊ ကုန်သွယ်မှုသတင်းအချက် နှင့် ကုန်သွယ်မှုမြင့်တင်ရေး၊ အရည်အသွေးစီမံခန့်ခွဲခြင်း၊ ကုန်သွယ်မှု လျင်မြန်ချော့မွေ့ခြင်းနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးစသည့် ကဏ္ဍများကိုလည်း NES တွင်  ထည့်သွင်း ထားကြောင်း သိရသည်။

အဆိုပါစီမံချက်ကို ဂျာမနီနိုင်ငံ GIZ ၏ ငွေကြေး အထောက်အပံ့နှင့် နိုင်ငံတကာကုန်သွယ်မှုစင်တာ ( International Trade Center- ITC) က နည်းပညာအကူအညီတို့ဖြင့် ၂၀၁၃ခုနှစ်က စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် နောက်ပိုင်းကာလများတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ  (National  Export Strategy – NES)၏ လုပ်ငန်းစီမံချက်များအတွက် ဝင်ရောက်အကူအညီပေးသည့်  နိုင်ငံတကာအဖွဲ့အစည်းများစွာရှိလာကြောင်း သိရသည်။  

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly