တရုတ်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် အခွန်ကောက်မှာကို ထရမ့် ရွှေ့ဆိုင်း

By AFP
12 September 2019
တရုတ်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် အခွန်ကောက်မှာကို ထရမ့် ရွှေ့ဆိုင်း

၀ါရှင်တန်၊ စက်တင်ဘာ ၁၂ ။          ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကြောင့် တရုတ်မှ သွင်းကုန် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ ဖိုးအပေါ် အခွန်ကောက်မှာကို ရက်ရွှေ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

တရုတ် ဒုတိယဝန်ကြီးချုပ် လွီဟီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေတယ်လို့ မေတ္တာရပ်ခံလာတဲ့အတွက် အောက်တိုဘာ ၁ ရက်မှာ စတင် အသက်ဝင်မယ့် တရုတ်ကုန်စည်တွေအပေါ် အခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှာကို သီတင်းနှစ်ပတ် ရက်ရွှေ့ဆိုင်းကြောင်း ထရမ့်က တွစ်တာတွင် ရေးသားတာ ဖြစ်ပါတယ်။

အမေရိကန်သွင်းကုန်တွေအပေါ် ချမှတ်ထားတဲ့ အခွန်အချို့ကို တရုတ်နိုင်ငံက ဖျက်သိမ်းပေးလာပြီးနောက်မှာ သမ္မတ ထရမ့်က ‘ကောင်းမွန်သော အပြုသဘော လုပ်ဆောင်ချက်’ ဆိုပြီး တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံဖိုးအား အခွန်ကောက်ဖို့ စီစဉ်ထားတာကို ရွှေ့ဆိုင်းလာတာလည်း ဖြစ်ပါတယ်။

တရုတ်ကုန်စည် ဒေါ်လာ ဘီလီယံ ၂၅၀ ဖိုးအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှာ အပါအဝင် တရုတ်ကုန်စည်အားလုံးအပေါ် အခွန်တိုးကောက်မှာဖြစ်ကြောင်း အမေရိကန်က ပြီးခဲ့သည့်လအတွင်းက ကြေညာထားတာပါ။

တရုတ်နိုင်ငံဟာ အစောပိုင်းက ကင်ဆာဆေးနှင့် တိရစ္ဆာန်အစာတို့ အပါအဝင် အမေရိကန်သွင်းကုန် ၁၆ မျိုးကို အခွန်ကင်းလွတ်ခွင့်ပေးကြောင်း ကြေညာပြီးနောက်မှာ ထရမ့်ရဲ့ အခွန်ရက်ရွှေ့ဆိုင်းမယ်ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဆီ အမေရိကန်ရဲ့ အဓိကသွင်းကုန်တွေဖြစ်တဲ့ ဝက်သား၊ ပဲပုပ်နှင့် အမေရိကန်ထုတ် ကားတွေ အပါအဝင်ဖြစ်တဲ့ ကုန်တွေအတွက်တော့ တရုတ်နိုင်ငံဟာ ကြီးလေးတဲ့ အခွန် ဆက်လက်ကောက်ခံသွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly