ပေါ့ဂ်ဘာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ တစ်ပတ်လုပ်ခ ပေါင် (၄၂၉,၀၀၀) နဲ့ သဘောတူညီပြီးမှ ဘာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသလဲ

ပေါ့ဂ်ဘာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ တစ်ပတ်လုပ်ခ ပေါင် (၄၂၉,၀၀၀) နဲ့ သဘောတူညီပြီးမှ ဘာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရသလဲ
Photo: EPA

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ တစ်ပတ်လုပ်ခလစာငွေ ပေါင် (၄၂၉,၀၀၀) နဲ့ သဘောတူညီမှုရရှိခဲ့ပေမယ့် ဘရာဇီးလ်ကစားသမား နေမာကြောင့် အပြောင်းအရွှေ့ကိစ္စမှာ ပျက်ပြယ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူဟာ ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့က ခေါ်ယူဖို့ ယခုနွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းပစ်မှတ်ထားခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အီတလီမီဒီယာ Calciomercato ရဲ့ အဆိုအရ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ပိတ်သိမ်းခြင်းမတိုင်ခင် ပေါ့ဂ်ဘာကို ပီအက်စ်ဂျီအသင်းဆီ ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ပေါ့ဂ်ဘာ အပြောင်းအရွှေ့မဖြစ်မြောက်ရခြင်းရဲ့ တစ်ခုတည်းသော အကြောင်းအရင်းကတော့ နေမာဟာ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ မအောင်မြင်ခဲ့လို့ပဲဖြစ်ပါတယ်။

ဘရာဇီးလ်ကစားသမားရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ရခြင်းမှာ အသင်းဟောင်း ဘာစီလိုနာအသင်းအနေနဲ့ ပီအက်စ်ဂျီရဲ့ တောင်းဆိုကြေး ပေါင် (၂၇၃) သန်းအတွက် ပေးချေဖို့ အဆင်မပြေမှုတွေကြောင့်ဖြစ်ပါတယ်။

ဒါ့ကြောင့် ပေါ့ဂ်ဘာဟာ ပီအက်စ်ဂျီအသင်းကို တစ်နှစ်လစာငွေ ပေါင် (၂၂)သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိရေးနီးစပ်ခဲ့ပေမယ့်လည်း နေမာနဲ့ ဘာစီလိုနာတို့ကြား ဆွေးနွေးမှုအချို့ ပျက်ပြယ်တဲ့ ကိစ္စတွေကြောင့် အသင်းပြောင်းရွှေ့ရေး လွဲချော်ခဲ့ရတာပါ။

ပေါ့ဂ်ဘာဟာ ယခုနွေရာသီမှာ အသင်းပြောင်းရွှေ့ခွင့်ကို နောက်ထပ် အဓိကအတားအဆီးဖြစ်စေတာက အားကစားထုတ်ကုန် ကုမ္ပဏီကြီး Adidas ကြောင့်လည်းဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ အဆုံးသတ်မလှလို့ ယခုနှစ်ရာသီမှာ အသင်းလူစာရင်းကို ပြောင်းလဲမှုတွေ ပြုလုပ်လိုတာကြောင့် အသက် (၂၆)နှစ်အရွယ်ရှိ ပေါ့ဂ်ဘာကို ရောင်းချသွားဖို့ ဆန္ဒရှိနေခဲ့ပါတယ်။

Ref; Foxsports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly