မိုးမြေပဲ အထွက်နှုန်း ကောင်းသော်လည်း ကုန်ကျစရိတ်ကြောင့် တောင်သူများ အကျိုးအမြတ်နည်း

မိုးမြေပဲ အထွက်နှုန်း ကောင်းသော်လည်း ကုန်ကျစရိတ်ကြောင့် တောင်သူများ အကျိုးအမြတ်နည်း

မကွေး၊ စက်တင်ဘာ ၁၁ ။         ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်ခင်းများတွင် မိုးမြေပဲများ အထွက်နှုန်းကောင်းမွန်လာသော်လည်း လုပ်သားခအပါအဝင် သွင်းအားစု ကုန်ကျစရိတ်များကြောင့် တောင်သူများ အကျိုးအမြတ်နည်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ဒီနှစ်မြေပဲ အထွက်နှုန်းကောင်းပါတယ်။ တစ်ဧကကို မျိုးမြေပဲဆံ နှစ်တင်းစိုက်ရပါတယ်။ အထွက်နှုန်းက တစ်ဧကကို တင်း ၆ဝကနေ တင်း ၈၀၊ တင်း၁ဝဝအထိထွက်ပါတယ်။ မိုးမြေပဲက ရလည်းရတယ်။ ပဲစျေးက လည်း ကောင်းတယ်။ ဒါပေမယ့် လုပ်သားခစျေးမတရားကြီနေတယ်” ဟု မကွေးမြို့နယ်၊ သပြေစမ်းကျေးရွာမှ တောင်သူ ဦးကျော်လွင်က ပြောသည်။

မိုးမြေပဲ တစ်ဧကလျှင် မြေသြဇာစျေးနှုန်း၊ ထွန်ရှင်းခနှင့် အလုပ်သမားငှားရမ်းစရိတ်များအတွက် ကုန်ကျငွေ ကျပ် ဆယ်သိန်းခန့်ရှိပြီး မိုးမြေပဲပေါက်စျေး မြင့်တက်လာမှုတို့ကြောင့် ပဲစိုက်တောင်သူများအနေဖြင့် အကျိုး အမြတ် နည်းပါးနေခြင်းဖြစ်သည်။

“ကျွန်တော်တို့နယ်မှာ မျိုးမြေပဲစျေးကြီးတာနဲ့ အဓိကအလုပ်သမားရှားတဲ့ပြသနာရှိနေတယ်။ရွာမှာအိမ်ခြေ နှစ်ရာကျော်နဲ့ လူဦးရေနှစ်ထောင်ကျော်ရှိတယ်ထား။ လက်ရှိမှာက လူတစ်ထာင်လောက်ပဲရှိတော့တယ်။

အဲ့ဒါကလည်း အိမ်စောင့်အဘိုးအဘွားနဲ့ကလေးသူငယ်တွေဖြစ်နေတယ်။ ကျန်တဲ့သူတွေက အလုပ်အကိုင် ထွက်နေကြတယ်။ ဒီတော့အလုပ်သမားရှားတယ်။ ပေါင်းထိုး၊ ပဲနှုတ်၊ ပဲဆွတ် အလုပ်သမားခ အဆမတန် ကြီးမားတယ်။ ပဲထွက်နှုန်းနဲ့စျေးနှုန်းက ကောင်းပါတယ်။ ဒါပေမယ့် တောင်သူတွေ လုပ်သာနေရတယ် တွက်ခြေမကိုက်ဘူး” ဟု မကွေးမြို့နယ်၊ ပုဂံမျှော်ကျေးရွာမှ တောင်သူ ဦးမြင့်ခိုင်က ပြောသည်။

အဆိုပါဒေသရှိ ပဲဆွတ်ခ လုပ်သားစျေးနှုန်းမှာ ယခင်နှစ်က တစ်တင်းလျှင် ကျပ် ၁၀၀၀ သာ ကျသင့်ခဲ့သော် လည်း ယခုနှစ်တွင် ကျပ် ၁၅၀၀ သို့ တိုးမြင့်လာကြောင်း၊မြေပဲစျေးနှုန်းများမှာလည်း မိုးမြေပဲ အနီဆံ တစ် ပိသာလျှင် ၄၂၇၅ကျပ်၊ အဖြူဆံ တစ်ပိသာလျှင်  ၃၃၅ဝကျပ် ဖြစ်နေကြောင်း သိရသည်။

“အနီဆံဝယ်လိုအားများပါတယ်။ လက်ရှိအနေအထားအရ စျေးနှုန်းအမြင့်ပိုင်းမှာ ရှိနေတယ်။ မနှစ်က မြေပဲဆံ တစ်ပိသာရောင်းစျေး ကျပ်၂ဝဝဝကျော်သာရှိခဲ့တယ်။ ဒီနှစ်တော့ အဆံတစ်ပိသာ ၄ဝဝဝကျပ်ကျော်ဖြစ်ပါတယ်။ မနှစ်ကထက် နှစ်ဆပိုစျေးတက်သွားတာပေါ့။ ကျွန်တော်တို့မြေပဲဆံကို မကွေးကနေ မန္တလေးပို့တယ်။ အဲ့ဒီက တဆင့် တရုတ်ပြည်ဘက် ပို့တယ်။ ဝယ်လိုအားများနေတော့ ပဲစျေးမကျနိင်သေးပါဘူး” ဟု မကွေးမြို့မှ ကုန်သည်တစ်ဦးဖြစ်သော ဦးသက်ထွန်းက ဆိုသည်။

မကွေးမြို့နယ်ရှိ မြေပဲစိုက်တောင်သူများသည် ယမန်နှစ်က မျိုးမြေပဲဆံတစ်တင်းလျှင် ကျပ်၅ဝဝဝဝဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် မျိုးမြေပဲဆံ တစ်တင်းအတွက် ကျပ် ရဝဝဝဝဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly