Boxing ကစားသမား ဖြစ်ခဲ့ခြင်းက အန်တိုနီယာ၏ ONE Championship ပွဲများကို ဘယ်လို အထောက်အကူ ပြုသလဲ

Boxing ကစားသမား ဖြစ်ခဲ့ခြင်းက အန်တိုနီယာ၏ ONE Championship ပွဲများကို ဘယ်လို အထောက်အကူ ပြုသလဲ

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ဆိုသည်မှာ မတ်တပ်ရပ် တိုက်ခိုက်မှုနှင့် မြေပြင် နပမ်း အချုပ်အသိမ်း ပညာများ ပေါင်းစပ် ယှဉ်ပြိုင်ရသည့် အားကစားနည်း တစ်မျိုး ဖြစ်သည်။ ထို့ကြောင့် ယင်းအားကစားကို ယှဉ်ပြိုင်ကစား သူတိုင်းသည် အနည်းဆုံး ကိုယ်ခံပညာ နှစ်မျိုးနှင့်အထက် တတ်မြောက် ကျွမ်းကျင်ကြသူများ ဖြစ်ကြသည်။ အချို့ ကစားသမားများသည် ကိုယ်ခံပညာရပ် တစ်မျိုးမျိုးကို ပရော်ဖက်ရှင်နယ် သို့မဟုတ် နိုင်ငံ့ လက်ရွေးစင် အဆင့်အထိ ကျွမ်းကျင် တတ်မြောက်ပြီးမှ အခြား ကိုယ်ခံပညာတစ်ခု ပေါင်းစပ်သင်ယူကာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကြိုးဝိုင်းထဲ ဝင်ရောက်လာခြင်း ဖြစ်သည်။

ထိုသို့ ကစားသမားများ ထဲတွင် ONE Championship ၏ မြန်မာ အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ် ဘိုဇီနာ “တိုတို” အန်တိုနီယာ လည်း တစ်ဦး အပါအဝင်ဖြစ်သည်။ အန်တိုနီယာသည် Boxing ဟု ခေါ်သည့် အနောက်တိုင်း လက်ဝှေ့ အားကစားကို မြန်မာ့ လက်ရွေးစင် ဆန်ကာတင် ကစားသမား အဆင့်အထိ ရောက်အောင် ကစားနိုင်ခဲ့သူ ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ်များလည်း ဆွတ်ခူးခဲ့ဖူးသူ ဖြစ်သည်။ ထို့ကြောင့် ONE Championship တွင် ပါဝင်ယှဉ်ပြိုင်ရန် မြေပြင် အချုပ်အသိမ်း အတွက် ဂျုဂျစ်ဆု ပညာကိုသာ အဓိက ပြန်လည်သင်ယူ ခဲ့ရပြီး ကြိုးဝိုင်းထဲ အဆင်သင့် ဝင်လာနိုင်ခဲ့သည်။

“Boxing က ကျွန်မကို အရမ်း အထောက်အကူ ပြုပါတယ်။ ဒီကစားနည်းမှာ အဓိကက လက်သီးပဲလေ။ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမှာ လက်သီးက ပိုအသုံးဝင်တာပေါ့။ ခြေကန်တာတွေ ကလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် အန္တရာယ် များတယ်။ လက်သီးက ပိုပြီးတော့ ဘေးကင်းတယ်။ အမှတ်ယူတဲ့ အပိုင်းတွေမှာ လက်သီးက ပိုပြီးတော့ ကောင်းတယ်”ဟု အန်တိုနီယာက Boxing ၏ အကျိုးပြုပုံကို ပြောပြခဲ့သည်။

အသက် ၂၄ နှစ် အရွယ်ရှိသူ အန်တိုနီယာသည် ပြည်တွင်းတွင် အနောက်တိုင်း လက်ဝှေ့ ရွှေတံဆိပ် နှစ်ခု ရရှိခဲ့ဖူးပြီး ၂ဝ၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲအတွက်လည်း နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်ခံခဲ့ ရဖူးသူ ဖြစ်သည်။ အထက်တန်း ကျောင်းသူ အရွယ် ကတည်းက အနောက်တိုင်း လက်ဝှေ့ကို သင်ယူခဲ့သည့် အန်တိုနီယာသည် ONE Championship တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပွဲပေါင်း ၄ ပွဲ ကစားထားပြီး မြန်မာ နိုင်ငံသူ ရွှေစင်၊ မလေးရှား နိုင်ငံသူ Audreylaura Boniface နှင့် ဗီယက်နမ် ကစားသမား Bi Nguyen တို့ကို အနိုင်ရထားကာ ထိုင်းနိုင်ငံသူ Rika Ishige ကို ရှုံးနိမ့်ထားသည်။

အနောက်တိုင်း လက်ဝှေ့ကစားသမား ဖြစ်ခဲ့ခြင်းကြောင့် အန်တိုနီယာကို အကောင်းဆုံး အထောက်အကူ ဖြစ်စေခဲ့သည့် ပွဲမှာ ပြီးခဲ့သည့် ဇွန်လ အတွင်းက ကျင်းပခဲ့သော ONE: Masters of Destiny ပြိုင်ပွဲမှ Bi Nguyen နှင့်ပွဲ ဖြစ်သည်။ အန်တိုနီယာ၏ တတိယမြောက် နိုင်ပွဲ ဖြစ်လာသည့် အဆိုပါပွဲတွင် အန်တိုနီယာထက် အတွေ့အကြုံ ပိုများသည့်အပြင် ကိုယ်အလေးချိန်ပါ ပိုသာသည့် Nguyen ကို အနောက်တိုင်း လက်ဝှေ့ ပညာဖြင့် အကြိတ်အနယ် ယှဉ်ပြိုင် ကစားပြီး အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ၎င်းကြုံတွေ့ ခဲ့ရသည့် အခြေအနေကို အန်တိုနီယာက အောက်ပါအတိုင် ပြောပြခဲ့သည်။

“သူ (Bi Nguyen) နဲ့ ကစားရမယ် ဆိုတာ သိကတည်းက ကိုယ့်ဘက်က အကောင်းဆုံး ပြင်ဆင် ထားတာပေါ့။ သူ့ကို ဘယ်လိုနည်းနဲ့ အနိုင်ယူရမယ် ဆိုတာ နည်းဗျူဟာ ဆွဲထားပြီးသား။ ဆရာတွေ ကလည်း အနောက်တိုင်း လက်ဝှေ့ နဲ့ပဲ ကစားခိုင်းတယ်။ အမှတ်ပဲ ယူခိုင်းတယ်။ လုံးဝ မြေပြင်ချုပ်ကွက် မသုံးဖို့ ပြောတယ်။ ဘာလို့လဲ ဆိုတော့ သူနဲ့ ကျွန်မနဲ့က ကိုယ်အလေးချိန် တော်တော် ကွာတဲ့အတွက် သူ့ကို မြေပြင်ချုပ်ကွက် သုံးလို မရဘူး။ အဆင်မပြေဘူး။ သူလာချုပ်ရင်လည်း ရအောင် ရုန်းထွက်ရမယ် ဆိုတာ ကျွန်မကို မှာထားပြီးသား။ ကိုယ်အလေးချိန် ကွာတော့ အပူးကပ်ခံရရင် ကျွန်မ ရှုံးဖို့များတယ်လေ။ အဲဒီမှာ အမှတ်ပဲ ရအောင် ယူပြီးတော့ နိုင်အောင် ကစားခဲ့တာ”ဟု အန်တိုနီယာက ပြောပြခဲ့သည်။

အန်တိုနီယာသည် အနောက်တိုင်း လက်ဝှေ့ကို ကစားသည့် အခါတွင် တိုက်စစ်ကို အားသန်သူ တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။ ၎င်း၏ပွဲများတွင် တရကြမ်း တိုက်စစ်ဖွင့်ကာ ပြိုင်ဘက်ကို အနိုင်ယူ ကစားခဲ့ဖူးသည့် အတွေ့အကြုံ များစွာရှိသည်။ ယင်းအတွေ့အကြုံ များက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ပွဲများတွင် အမှတ်ရရန် အထောက်အကူ ဖြစ်သည်ဟု အန်တိုနီယာက သုံးသပ်သည်။

“အနောက်တိုင်း လက်ဝှေ့ ကစားတုန်း ကတော့ တိုက်စစ် အားသန်တယ်။ တိုက်စစ်နဲ့ ခံစစ်မှာ ခံစစ်က ပိုင်မှပဲ အမှတ်ယူဖို့ အဆင်ပြေတယ်။ တိုက်စစ်မှာကျတော့ အမှတ်ပိုရတယ်။ တိုက်စစ်နဲ့ခံစစ်ယှဉ်ရင် တိုက်စစ်ကပဲ သာတာ များပါတယ်။ အမှတ်ယူတတ်တဲ့ သူတစ်ချို့ ကတော့ ခံစစ်မှာကျမှ ပိုအဆင်ပြေ တာလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ တိုက်စစ်နဲ့မှပဲ အဆင်ပြေတယ်”ဟု အန်တိုနီယာက ၎င်း၏ကစားဟန်ကို ရှင်းပြသည်။

အန်တိုနီယာသည် ပြိုင်ပွဲရှိသည့် အချိန်နှင့် နေရပ်ပြန် အနားယူသည့် အချိန်များမှ လွဲ၍ Bali MMA အားကစားရုံတွင် တစိုက်မတ်မတ် အခြေစိုက်ကာ လေ့ကျင့်ရေး စခန်းများ ဝင်နေသူ ဖြစ်သည်။ အာရှ၏ အကောင်းဆုံး အားကစားရုံ တစ်ခုဖြစ်သည့် Bali MMA သည် အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီကျွန်း ပေါ်တွင် တည်ရှိပြီး ONE Championship နှင့် အခြားပြိုင်ပွဲများမှ နာမည်ကျော် အားကစား သမားများ လာရောက် လေ့ကျင့်နေကြသည့် အားကစားရုံလည်း ဖြစ်သည်။ အောက်တိုဘာ ၂၅ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာ မြို့၌ ကျင်းပမည့် ONE: Dawn of Valor ပြိုင်ပွဲတွင် ပါဝင်ရမည့် အန်တိုနီယာက ၎င်း၏ လေ့ကျင့်နေမှု အခြေအနေ များကိုလည်းပြောပြ ခဲ့သည်။

“လေ့ကျင့်ရေး စခန်းမှာတော့ အနောက်တိုင်း လက်ဝှေ့ထက် မြေပြင်နပမ်းကို ပိုလေ့ကျင့်ရတယ်။ အခုတော့ မွေထိုင်း လေ့ကျင့်နေတယ်။ ခြေကန်တွေ ဘာတွေ ပိုကောင်းအောင် ကျင့်နေတယ်။ အစတုန်း ကတော့ လက်သီးချည်းပဲ ဆိုတော့ အဆင်မပြေ ဘူးလေ။ ကိုယ်ခံပညာ သိုင်းပေါင်းစုံမှာ ကျတော့ ။ သူများတွေက ကျွန်မတို့ကို ခြေတွေ ဘာတွေ ကန်လာတာ ဆိုတော့ ခြေကန်တာတွေ ပြန်ကျင့်ရတယ်”ဟု အန်တိုနီယာက ပြောပြသွား ခဲ့သည်။

ONE: Century Part I နှင့် Century Part II ကို လာမည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြိ်ုင်ပွဲကြီးသည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးပြိုင်ပွဲကြီးဟု ဆိုနိုင်သလို ကိုယ်ခံပညာရပ်ပေါင်းစုံတွင် ကျင်လည်ကျက်စားလျက်ရှိသည့် ကမ္ဘာ့ချန်ပီယံ ၂၈ ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

 

Mizzima Key Campaign မှာ ပါဝငျဖို့ ဖိတျခေါျလိုကျပါတယျ။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly