မမြင်နိုင်သည်ကို မြင်အောင်ကြည့်ခြင်း – ဥတုပြောင်းလဲခြင်း၏ ငန်သော အရသာ

မမြင်နိုင်သည်ကို မြင်အောင်ကြည့်ခြင်း – ဥတုပြောင်းလဲခြင်း၏ ငန်သော အရသာ
မိုးရွာပြီးနောက် စပါးခင်းထဲတွင် ရေငန်များကျန်ခဲ့ပုံ

ဥတုပြောင်းလဲမှုကြောင့် ရေငန်ဝင်ရောက်ခြင်းသည် ဧရာဝတီမြစ်ဝှမ်း‌အောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများရှိ ဒေသခံတိုင်းရင်းသားလယ်သမားများ၏ ဘဝကို ဆိုးရွားစွာသက်ရောက်မှုရှိပြီး ပြောင်း‌ရွှေ့အခြေချခြင်းနှင့် လယ်ယာစိုက်ပျိုးရေးအလုပ်ကို ကျောခိုင်းစွန့်ခွာရသော လယ်သမားအရေအတွက် များပြားလာစေသည်။ 

ရေငန်ဝင်ခြင်းသည် သောက်ရေနှင့် သုံးရေအပြင် စိုက်ခင်းများ ရေသွင်းစိုက်ပျိုးရန်သုံးသော မြေအောက် ရေချိုအောင်းလွှာများအတွင်းသို့ ဆားငန်ရေဝင်ခြင်းကို ဆိုလိုသည်။  

မြေအောက်ရေသည် ကျွန်ုပ်တို့ မြင်ကွင်းတွင် ကွယ်ပျောက်နေပါသည်။ လူအများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် မြေပေါ်ရေ ညစ်ညမ်းမှုသာကို စိတ်ဝင်တစားရှိကြသည်။ 

အကြီးတန်းဇလဘူမိဗေဒပညာရှင်တစ်ဦးဖြစ်သော ဦးမြင့်သိန်းက မြေအောက်ရေ ထိန်းသိမ်းရန်အတွက် ပေါ်လစီများ၊ ဥပဒေများနှင့် တခြားအထောက်အပံ့များကို အစိုးရအဖွဲ့အစည်းများက ညှိနှိုင်းဖန်တီးပေးရန် တိုက်တွန်းထားသည်။ 

“ဥတုပြောင်းလဲမှုကို ထိန်းချုပ်ပြီး ထိခိုက်နိုင်မှုနည်းအောင် လျှော့ဖို့၊ လူတွေရဲ့ အလွန်အကျွံ ထုတ်ယူသုံးစွဲမှုတွေကို တားဆီးဖို့တွေအတွက် ပေါ်လစီတွေ၊ ဥပဒေတွေနဲ့ တခြားအထောက်အပံ့တွေကို အစိုးရအဖွဲ့အစည်းတွေက ညှိနှိုင်းဖန်တီးပြီး လိုက်နာဆောင်ရွက်အောင် ချမှတ်ပေးရမယ်” ဟု ဦးမြင့်သိန်းက အကြံပြုသည်။ 

လက်ရှိတွင် လက်ငင်းဖြေရှင်းမှုကို လိုအပ်သော လယ်သမားများနှင့် ကမ်းရိုးတန်းဒေသရှိ လူ့အဖွဲ့အစည်းများ၏ လုံခြုံရေးအတွက် ပူပန်လျက်ရှိသော အင်ဂျင်နီယာများက ရေကြီးမှုကို လျှော့ချပြီး ရာသီသီးနှံစိုက်ပျိုးနိုင်ရန်သုံးနိုင်သော ရေတားတမံများတည်ဆောက်ပေးရန် တောင်းဆိုလျက်ရှိသည်။ 

ရေတားတမံများသည် ရေပြင်ကို ဘောင်ခတ်၍ မြေနိမ့်တူးကာ ဝင်ရောက်လာသောရေကို ထိန်းသိမ်းထားပြီး ရေများကို ရေထွက်ပေါက်မှတစ်ဆင့် ဆင်းသွားစေကာ ပင်လယ်ရေနှင့် ဒီရေတက်ချိန်တွင် ပင်လယ်ရေများ ပြန်မဝင်စေရန် အလိုအလျောက်တားဆီးပေးသည်။ ရေတားတမံဖြင့်ကာရန်ထားသော မြေမျက်နှာပြင်သည် မြေအောက်ရေအောင်းလွှာများအတွင်းသို့ ရေချိုပြန်လည်ဝင်ရောက်သဖြင့် ရေငန်ဝင်ရောက်ခြင်းကို အနည်းငယ်သာ ခံစားရသည်။ ထိုကြောင့် မြေအောက်ရေကို အိမ်သုံးရည်ရွယ်ချက်ဖြင့် အသုံးမပြုနိုင်သော်လည်း လယ်သမားများသည် ထိုမြေကို စပါးစိုက်ပျိုးနိုင်ပြီး မိုးရေကို သိုလှောင်ရန်အတွက် ကန်အဖြစ် ဖန်တီးနိုင်သည်။

၁၉၇၆ မှ ၁၉၈၅ အတွင်း World Bank ၏ Paddy Project မှ ဧရာဝတီမြစ်ဝှမ်းအောက်ပိုင်း ဖျာပုံနှင့် ဘိုကလေးမြို့နယ်များတွင် တည်ဆောက်သော ရေတားတမံများသည် နှစ်ပေါင်းများစွာအတွင်း မြန်မာြပည်အောက်ပိုင်းတွင် စွန့်ပစ်ထားသော လယ်မြေများကို ပြန်လည်စိုက်ပျိုးနိုင်စေခဲ့သည်။ ရေကြီးခြင်းကို လျော့ချခြင်း၊ ရေချိုကို ထိန်းချုပ်ခြင်းနှင့် ရာသီအလိုက်သီးနှံများ စိုက်ပျိုးခြင်းတို့အတွက်လည်း အထောက်အကူပြုသည်။ 

သို့သော် ‌ဥတုပြောင်းလဲမှုအတွက် ပြင်ဆင်ရန်နှင့် ၂၀၀၈ ခုနှစ်တွင် ဧရာဝတီမြစ်ဝှမ်းဒေသအနှံ့ လယ်ဧက ဟက်တာ ၂၃၀၀၀ ကျော်ပျက်စီးပြီး လူပေါင်း ၁၀၀,၀၀၀ ကျော် သေဆုံးခဲ့ရသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ အန္တရာယ်များကို ကာကွယ်ရန်အတွက် မြေတားတမံအမြင့်ကို တိုးမြှင့်တည်ဆောက်သွားရန်လိုအပ်နေကြောင်း ဒေသခံအင်ဂျင်နီယာများထံမှ သိရပါသည်။

Figure 2 - ဖျာပုံနှင့်ဘိုကလေးခရိုင်များရှိ ရေတားတမံစနစ်

“ရေတားတမံတွေ တာတမံတွေရှိပေမဲ့ နာဂစ်လို ရာသီဥတုဖောက်ပြန်တဲ့ အဖြစ်မျိုးတွေအတွက်လည်း သတိထားဖို့ လိုအပ်တယ်။ နောက်မှာ ဒီလိုမဖြစ်ဖို့အတွက် ရေတားတမံတွေကို ပိုပြီးမြင့်အောင် ဆောက်ဖို့ လိုအပ်တယ်” ဟု ဖျာပုံမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (IWUMD) မှ အကြီးတန်းအင်ဂျင်နီယာဦးသိန်းဇော်က ဆိုသည်။

၂၀၀၈ ခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်သည် ၁၂ ပေအထက် မြင့်တက်ခဲ့ပြီး ထိုစဥ်က ၈.၅ ပေသာရှိသော ရေတားတမံများကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် နောက်တစ်ကြိမ် ဤကဲ့သို့ အဆိုးရွားဆုံးအခြေအနေများကို ထိန်းသိမ်းရန် ရေတားတမံများကို ၁၂ပေထက် တိုးမြှင့်တည်ဆောက်ရမည်ဟု ဦးသိန်းက အကြံပြုသည်။ 

လက်ရှိတွင် JICA (the Japan International Cooperation Agency) က ပံ့ပိုးမှုဖြင့် IWUMD (ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန)နှင့် ပူးပေါင်းကာ ရေတားတမံများကို အဆင့်မြှင့်တင်နေကြောင်း ဦးသိန်းက ပြောကြားသည်။ 

“ရေတားတမံ ဧရိယာထဲကို ပင်လယ်ရေရောက်လာရင် ရေလွှမ်းမိုးမှုခံရတဲ့နေရာတွေကို ရေချိုဖြန့်ဖြူးပေးဖို့ ခဲယဥ်းတဲ့အတွက် သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ပြီး ကာကွယ်ခြင်းက အကောင်းဆုံးပါ”ဟု သူက ဖြည့်ဆက်ပြောကြားသည်။ 

ခန့်မှန်းထားသော အပူချိန်မြင့်တက်လာမှုသည် မြေအောက်ရေ ပြန်လည်စိမ့်ဝင်မှုကိုပါ လျော့ကျစေပြီး   ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှင့်အတူ ဖျာပုံဒေသနှင့် အနီးဝန်းကျင်အတွက် အနာဂတ်တွင် ရေလွှမ်းမိုးမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း မြန်မာနိုင်ငံ၏ မြေအောက်ရေအပေါ် ဥတုပြောင်းလဲမှု၏ သက်ရောက်ပုံကို လေ့လာသော သုတေသနစာတမ်းတစ်စောင်တွင် ဇလဘူမိဗေဒပညာရှင် ဦးမြင့်သိန်းက ရှင်းပြထားသည်။  ယခု ရာစုတွင် ဧရာဝတီမြစ်ဝှမ်းဒေသ၌ ဥတုပြောင်းလဲမှုကို ကြိုတင်ကာကွယ်ရန်အတွက် လက်ရှိရေတားတမံများ၏ အမြင့် ဒီဇိုင်းလျာထားချက်များတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုကိုလည်း ပေါင်းထည့်ရန်လိုအပ်ပါသည်။  

မြန်မာနိုင်ငံအတွက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု ခန့်မှန်းချက်

ကာလ

ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု ခန့်မှန်းချက် (cm)

၂၀၂၀ ပြည့်နှစ်များ

၅-၁၃

၂၀၅၀ ပြည့်နှစ်များ

၂၀-၄၁

၂၀၈၀ ပြည့်နှစ်များ

၃၇-၈၃

(Data sources: CMIP5: Bamber and Aspinall (2013): Marzion et al. (2012): Radic et l. (2013): Church et. (2013))

ဘေးကျပ်နံကျပ်အခြေအနေနှင့် လယ်သမားများ

“အမာမြို့နယ်နဲ့ ဖျာပုံတောင်ဘက်ပိုင်းတွေမှာက ဖျာပုံမြို့နယ်နဲ့ အနီးအနားက ရွာတွေလို ရေတားတမံမရှိဘူးဗျ” ဟု ဘဝသစ်ကျေးရွာမှ လယ်သမားများ၏ ကိုယ်စားလှယ်ဖြစ်သော ဦးဇော်ဝင်းက ပြောကြားသည်။ 

ဧရာဝတီမြစ်ဝှမ်းအောက်ပိုင်း ကမ်းရိုးတန်းဒေသမှ အမာမြို့နယ် ဒေသခံများသည် သောက်ရေနှင့်ချိုးရေအတွက် ရေချိုရရှိရန် နေ့စဥ်နှင့်အမျှကြိုးပမ်းနေရသည်။  ဥတုပြောင်းလဲမှုကြောင့်လည်း လာမည့်နှစ်များတွင် ပိုမိုခက်ခဲလာမည်ဟု မျှော်မှန်းထားကြသည်။

မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် (MCCSAP) ၏ ဥတုပြောင်းလဲမှုကနဦးသုံးသပ်ချက်တစ်ခုက ၂၁၀၀ ပြည့်နှစ်၌  ကမ္ဘာတစ်ဝန်းတွင် ပင်လယ်ရေမျက်နှာပြင်သည် ၀.၂၆-၀.၈၂ မီတာ မြင့်တက်လာပြီး နိုင်ငံတွင်း ကမ်းရိုးတန်းများတွင် နောက်ထပ် ၁၀ ရာခိုင်နှုန်းထပ်မံမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

Figure 3 - အမာြမို့နယ်တွင် နေထိုင်သော အသက် ၅၇ နှစ်အရွယ် ‌ဒေသခံတိုင်းရင်းသားလယ်သမား ဦးစောမူလဲ

“နှစ်တိုင်း စပါးစိုက်ဖို့အတွက် ရေချိုကို ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေရပါတယ်” ဟု အမာမြို့နယ်တွင်နေထိုင်သော အသက် ၅၇ ခုနှစ်အရွယ် ဒေသခံတိုင်းရင်းသားလယ်သမား ဦးစောမူလဲက ဆိုသည်။ 
မြေအောက်ရေ ပိုမိုငန်လာသောအခါ ရေချိုအတွက် မိုးရေကိုသာ လယ်သမားများက အားထားလာရသည်။ 

“စိုက်ဖို့အတွက်တင်မကဘူး သောက်ရေပါ လှောင်ထားဖို့ လိုအပ်တယ်”ဟု ဦးစောကပြောကြားသည်။

Figure 4 - ဧရာဝတီမြစ်ဝှမ်းဒေသအောက်ပိုင်း၏ တောင်ဘက်စွန်းတွင် တည်ရှိသော အမာမြို့နယ်

ခြောက်သွေ့ရာသီနှင့် မိုးမရွာသောအချိန်များတွင် စိုက်ပျိုးရေးလုပ်ငန်းမဆောင်ရွက်နိုင်ပါ။ “မုတ်သုံရာသီမှာပဲ စိုက်နိုင်တယ်”ဟု ဦးစောက ပြောကြားသည်။ မြေအောက်ရေအောင်းလွှာများအတွင်းသို့ ရေငန်များဝင်ရောက်သည့်အတွက် ရေသွင်းစိုက်ပျိုးမှုတွင် အသုံးချ၍မရပေ။ စိုက်ပျိုးရေးအတွက် မိုးရေပေးသော တိမ်ထူသည့် မိုးကောင်းကင်ကိုသာ စောင့်မျှော်ရသည်ဟု ဦးစောက ဆိုသည်။ 

မိုးရေမှ ရေချိုရေသန့်ကို စောင့်ဆိုင်းခြင်းမှာ ရေရှည်တွင် တွက်ခြေကိုက်မည့် အလုပ်မဟုတ်ပေ။ 

“မိုးနောက်ကျတာနဲ့ အလုပ်တွေ ကမောက်ကမဖြစ်ကုန်တော့တာပဲ။ စပါးလည်း ကြိုက်စျေးနဲ့ရောင်းလို့မရတော့ဘူး” ဟု သူက ရင်ဖွင့်သည်။ လယ်သမားများအတွက် မိုးသည် သူရဲကောင်းဖြစ်ပြီး အိမ်သုံးအတွက်လည်း ရေချိုကို ရရှိစေသဖြင့် အမာ၏ အားကိုးစရာကယ်တင်ရှင်ဟု ဆိုနိုင်သည်။ သို့သော် ဥတုပြောင်းလဲမှုကြောင့် မိုးသည် ပုံမမှန်ဖြစ်လာခဲ့ပါသည်။ 

Norwegian Meteorological Institute & Department of Meteorology and Hydrology မှထုတ်ပြန်သော Myanmar Climate Report 2017 အရ (၁၉၆၁-၁၉၉၀) ကာလများအတွင်း မုတ်သုံရာသီသည် ပျမ်းမျှအားဖြင့် ၁၄၄ ရက်ရှိခဲ့ပြီး (၁၉၈၁-၂၀၁၀) အတောအတွင်း ၁၂၁ ရက်သာရှိကြောင်း ဖော်ပြထားသည်။  

Figure 5 - ဘဝသစ်ရွာမှ လယ်သမားများ၏ ကိုယ်စားလှယ် ဦးဇော်ဝင်း

ပုံမှန်မဟုတ် မိုးရွာသွန်းခြင်းနှင့် ရေငန် 

ဥတုပြောင်းလဲမှုကို အပူလှိုင်းများ၊ အအေးလှိုင်းများ၊ မိုးခေါင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဆီးနှင်းထူထဲစွာကျဆင်းခြင်း စသဖြင့် သက်ရောက်ပုံ အတိအကျ ထောက်ပြရန် ခဲယဥ်းသည်။ သို့သော် ဥတုပြောင်းလဲမှုသည် အမှန်တကယ်ဖြစ်ပေါ်နေပြီး မိုးလေဝသအခြေအနေများသည်လည်း တဖြည်းဖြည်း ပိုမိုဆိုးရွားလာကာ ခန့်မှန်းရခက်လာသည်ဟု လယ်သမားများက ဆိုသည်။ 

မိုးရွာသွန်းခြင်းမှ လာသော ရေချိုသည် မုတ်သုံရာသီတွင် စပါးနှင့် အခြားသီးနှံများစိုက်ပျိုးနိုင်သည့် အခြေအနေသို့ရောက်သည်အထိ ရေငန်ကို မြေအောက်သို့ ပြန်လည်စိမ့်ဝင်စေသည်။ ဒေသခံလယ်သမားများ၏အဆိုအရ မိုးရေဖြင့် အငန်ဓာတ်များ ပြယ်စေရန် ပုံမှန်အားဖြင့် ၇ ရက်မှ ၉ အထိ ကြာတတ်သည်။ ထို့ကြောင့် ထိုအခြေအနေသည် မြေမျက်နှာပြင်ပေါ်နှင့် မြေအောက်တွင် ရေချိုနှင့် ရေငန်တို့၏ လွန်ဆွဲပွဲဟုဆိုနိုင်သည်။

ရာသီဥတုပြောင်းလဲလာသဖြင့် မိုးရွာသွန်းမှုကို ခန့်မှန်းရန် ပိုမိုခက်ခဲစေသည်။ အမာတွင် လွန်ခဲ့သော ဆယ်နှစ်ခန့်ကထက် ယခုအချိန်တွင် မိုးရေကို အားထားသော လယ်သမားတိုင်းသည် စားဝတ်နေရေးအခက်အခဲနှင့် ကြုံရနိုင်ခြေပိုများနေသည်။ 

“အမာမှာတော့ မြေပေါ်မှာ ရေငန်တွေပိုပိုများလာလို့ မိုးမရွာမချင်း စပါးစပျိုးလို့မရဘူး” ဟု ဘဝသစ်ကျေးရွာမှ လယ်သမားများ၏ ကိုယ်စားလှယ်ဖြစ်သော ဦးဇော်ဝင်းက ပြောပြသည်။ 

ပုံမှန်ဆို မေလ ပထမပတ်ဆိုရွာတယ်။ လွန်ခဲ့တဲ့သုံးနှစ်လောက်က စပြီး ပြောင်းသွားတာ ဒီနှစ်တော့ မေလအလယ်လောက်မှ ရွာတော့တယ်။ စပါးစိုက်ဖို့ နောက်ဆက်တွဲအလုပ်တွေခက်သွားတယ်”ဟု သူကဆိုသည်။ 

မိုးရွာခြင်းသည် ကောင်းသော်လည်း ပုံမှန်ထက် ပိုမိုရွာသွန်းပါက ပတ်ဝန်းကျင်ဒေသများကို ရေကြီးစေနိုင်သည်ဟု ဦးဇော်က ပြောကြားသည်။ 

“မိုးသည်းပြီးဆက်တိုက်ရွာရင် ဧရာဝတီမြစ်ထဲက ရေချိုတွေက စပါးခင်းတွေထဲဝင်တယ်။ ရေချိုပေမဲ့ စပါးခင်းတွေ ရေကြီးပြီး ပျက်စီးတာပေါ့” ဟု ပြောကြားသည်။ 

“အချိန်အခါမဟုတ် မိုးရွာတာတွေနဲ့ ရေငန်ဝင်တာတွေကြောင့် စပါးစိုက်တဲ့အလုပ်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကထက် ပိုခက်လာတယ်” ဟု ဖြည့်စွက်ပြောကြားသည်။ 

ပုံမှန်အားဖြင့် မေလကုန်တွင် စိုက်ပျိုးရန် ထွန်ယက်ပြီး ဇွန်လပထမပတ်တွင် ပျိုးကြဲသော်လည်း ယခုနှစ်များတွင် အချိန်နှောင့်နှေးလာခဲ့သည်။ 

“ရိတ်သိမ်းတာနောက်ကျရင် စပါးအရည်အသွေးအပေါ် သက်ရောက်မှုရှိနိုင်တယ် ရောင်းရင် စျေးနှိမ်တယ်” ဟု ဦးဇော်ကဆိုသည်။ 

အမာမြို့နယ်တွင် ယေဘုယျအားဖြင့် လယ်သမားများသည် မုတ်သုံရာသီအတွင်း တစ်ဧကလျှင် တင်း ၅၀ ထွက်ရှိနိုင်သည်။ အမာမြို့နယ်နှင့် ၈၇.၂ ကီလိုမီတာကွာဝေးသော ဖျာပုံမြို့နယ်မှ မိုးစပါးအထွက်နှုန်း တစ်ဧကလျှင်

၅၇-၇၃ တင်းဖြစ်သည်ဟု Consortium Welthungerhilfe (WHH) နှင့် GRET တို့၏ ဖျာပုံမြို့နယ်ရှိ ရေတားတမံအခြေအနေ စီမံကိန်းအစီရင်ခံစာတစ်ခုက ဖော်ြပထားသည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းသည် လယ်ယာစိုက်ပျိုးရေးပေါ်တွင် မှီခိုနေရဆဲဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုများသည် ဤကဏ္ဍအတွက် သက်ရောက်မှုကြီးမားသည်။ ဥတုပြောင်းလဲမှုအကျိုးဆက်အဖြစ် ၂၀၁၁

ဇူလိုင်မှ အောက်တိုဘာအတွင်း ဧရာဝတီ၊ ပဲခူး၊မွန်နှင့် ရခိုင်ပြည်နယ်နှင့် တိုင်းများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆန်စပါး ခန့်မှန်းတန်ချိန် ၁.၇ သန်းဆုံးရှုံးခဲ့ကြောင်း Myanmar Climate Change Alliance က ထုတ်ပြန်ထားသည်။ 

ဒုက္ခတွင်းမှ ရုန်းထွက်ခြင်း 

ဤသို့ ဆိုးရွားသော အခြေအနေများတွင် ဒေသခံတိုင်းရင်းသားလယ်သမားများက ကြိုးစားရုန်းကန်နေထိုင်နေကြရပြီး အချို့က စိုက်ပျိုးလုပ်ကိုင်ရန် မဖြစ်နိုင်သည့်အခြေအနေနှင့် တွေ့ကြုံရသည်။ ရေငန်ဝင်ရောက်ခြင်းသည် အထွက်နှုန်းလျော့ကျစေသဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၏ ချေးငှားသုံးစွဲခြင်း၊ ရိတ်သိမ်းခြင်းနှင့် ပြန်လည်ပေးချေခြင်း သံသရာကိုပါ ကမောက်ကမဖြစ်စေပါသည်။ 

“တချို့ ဒေသခံလယ်သမားတွေက ရေကြည်ရာမြက်နုရာ ပြောင်းသွားကြတာပေါ့။ သူတို့မြေတွေက နှစ်တိုင်း ပျက်စီးကုန်လို့ ရေသွင်းစိုက်ပျိုးရုံနဲ့ ဝမ်းဝဖို့ မဖြစ်နိုင်တော့ဘူးလေ” ဟု ဦးဇော်ဝင်းက ပြောပြသည်။ “လယ်သမားဆယ်ဦးမှာ နှစ်ဦးက လက်သမားနဲ့ ကျပန်းအလုပ်သမားလို ပုံမှန်ဝင်ငွေရတဲ့ အလုပ်ရှိတဲ့ ပဲခူးနဲ့ မြိတ်ကို ပြောင်းတယ်”ဟု ပြောသည်။ 

“လူတွေမှာ ငွေရှိရင် ကိုယ့်စပါးခင်းအတွက် ကိုယ် ရေတားတမံတွေ ဆောက်လို့ရတယ်။ ဒါပေမဲ့ အနီးပတ်ဝန်းကျင်က စပါးခင်းတွေကို ကာကွယ်ဖို့ ပင်မရေတားတမံတော့ ကျွန်တော်တို့ဆီမှာ မရှိသေးဘူး” ဟု ဦးဇော်ဝင်းက ရှင်းပြသည်။ “ဒီရေတားတမံတွေမရှိတော့ မြို့နယ်အနီးဝန်းကျင်မှာ ‌ခြောက်သွေ့ရာသီအတွက် မိုးရေလှောင်ကန် ဆောက်လို့မရဘူးဖြစ်နေတယ်” ဟု ဆိုသည်။ ထိုကြောင့် အိမ်ခြေ ၅၅၅ နှင့် ဒေသခံလူဦးရေ ၂၂၀၀ တို့သည် သောက်သုံးရေနှင့် ‌ရေသွင်းစိုက်ပျိုးရေးအတွက် ရေချိုကို ရရှိရန် ကြိုးပမ်းနေကြရသည်။

ဆယ်မြောင်းဌာနမှ အင်ဂျင်နီယာတစ်ဦးက တိုင်းထွာမှုများပြုလုပ်ခဲ့ကြောင်း အတည်ပြုသော်လည်း ‌ရေတားတမံစီမံကိန်းဆောင်ရွက်ရန် ဘဏ္ဍာရေးခွဲဝေမှုတွင် အမာကျေးရွာတဝိုက်သည် ဦးစားပေးနေရာမဟုတ်ခဲ့ပေ။ 

မြေအောက်ရေပြဿနာကို လျှော့ချခြင်း အစီအစဉ် 

ငန်သည့် မြေဆီလွှာသည် စိုက်ပျိုးဖြစ်ထွန်းနိုင်မည့် မြေဆီလွှာအဖြစ် နေ့ချင်းညချင်းမပြောင်းလဲနိုင်ပေ။ အချိန်အတိုင်းအတာတစ်ခုကို လိုအပ်သည်ဟု ဦးမြင့်သိန်းက ပြောကြားသည်။ 

“မြေအောက်ရေကို ရေချိုပြန်ပြည့်ဖို့အတွက် ဆယ်စုနှစ်တစ်ခုလောက်ကြာပါတယ်။ မိုးရေနဲ့ပဲ ပြန်ဖြည့်လို့ရတာလေ”ဟု သူကဆိုသည်။

မြေအောက်ရေအောင်းလွှာများသည် မိုးရေကြောင့် ပြန်ပြည့်ပြီး အပူချိန်ကြောင့် နှောင့်နှေးသောကြောင့် အပူချိန်နှင့် မြေအောက်ရေပမာဏသည် ဆက်နွယ်နေသည်။ အပူချိန်မြင့်လေ မိုးရေ ရေငွေ့ပျံလေဖြစ်သောကြောင့် မြေအောက်ရေ ပြန်ပြည့်နှုန်းလည်း နှေးသည်။ 

အခြားတစ်ဖက်တွင်မူ ကမ်းရိုးတန်းဒေသတစ်လျှောက် မြေအောက်ရေကို အလွန်အကြူး ထုတ်ယူသုံးစွဲမှုကြောင့် မြေအောက်ရေအောင်းလွှာများအတွင်းသို့ ရေငန်ဝင်ရောက်ခြင်းကို သက်ရောက်မှုရှိနိုင်ပြီး စည်းစနစ်မကျစွာ ‌‌

ရေတွင်းများတူးဖော်ခြင်းကဲ့သို့သော လုပ်ရပ်များကလည်း မြေဆီလွှာအငန်ဓာတ်စိမ့်ဝင်ခြင်းကို ပိုဖြစ်စေနိုင်သည်။ 

ရန်ကုန်နှင့် အခြား လူနေထူထပ်သည့်ဒေသများတွင် ‌မြေအောက်ရေကို ဆက်လက်အသုံးပြုနိုင်ကြစေရန် “ဒေသခံအဖွဲ့အစည်းတွေအတွက် ရေတွင်းတွေ တူးတာကို တားမြစ်တာထက် အဖွဲ့အစည်းတစ်ခု မြို့နယ်တစ်ခုအနေနဲ့ ပူးပေါင်းပြီး နည်းပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ ဘယ်လို တွင်းမျိုးကို တူးတာ အကျိုးရှိမလဲဆိုတာကို ပြသဖို့လိုပါတယ်”ဟုလည်း ဦးမြင့်သိန်းက အကြံပြုခဲ့ပါသည်။ 

(ကျော်ညွန့်လင်း သည် မြန်မာ နိုင်ငံရဲ့ ရေနှင့်သက်ဆိုင်သော ဝက်ဆိုဒ် Myanmar Water Portal မှ ရေသတင်းထောက်တစ်ဦးဖြစ်ပါသည်။)

Mizzima Weekly