မြန်မာ-ထိုင်းနယ်စပ် မောတောင် ဆင်ခွန်းဂိတ်သို့ ပြည်တွင်းခရီးသည်များ သွားရောက်လည်ပတ်မှု မြင့်တက်

မြန်မာ-ထိုင်းနယ်စပ် မောတောင် ဆင်ခွန်းဂိတ်သို့ ပြည်တွင်းခရီးသည်များ သွားရောက်လည်ပတ်မှု မြင့်တက်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မောတောင်၊ စတင်ဘာ (၁၁) ။        ။ မြန်မာ-ထိုင်းနယ်စပ် မောတောင် ဆင်ခွန်းဂိတ်သို့ ပြည်တွင်းခရီးသည်များ သွားရောက်လည်ပတ်မှု မြင့်တက် လာကြောင်း မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

 “ကျွန်တော် မြိတ်ဒေသ ခရီးသွားလုပ်ငန်းမှာ အခုလက်ရှိ မိုးရာသီမှာက မြန်မာ-ထိုင်း မောတောင်နယ်စပ်ဖြစ်တဲ့ ပရာကျွတ်ခရီးစဉ်က ပြည်တွင်း ဧည့်သည်တွေ အခုနောက်ပိုင်း တော်တော်လေးကို သွားရောက် လည်ပတ်မှု တွေ များလာတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြိတ်နဲ့မောတောင် အကြားမှာရှိတဲ့ လမ်းက အရမ်း ကောင်းနေလို့ ဖြစ်တယ်။ နောက်ပြီး ခရီးစဉ်တွေ နေ့ချင်းပြန်သွားလို့ ရသလို အချိန်တိုတိုတွင်းမှာ သွားရောက် လည်ပတ်နိုင်လို့ ဧည့်သည်တွေ စိတ်ဝင်စားလာတာ ဖြစ်တယ်”ဟု မြိတ်အခြေစိုက် ခရီးသွား ကုမ္ပဏီတစ်ခု ဖြစ်သော i Travello Travel & Tour မှ မန်နေဂျာ ကိုသျှိုင်းသျွှမ်းအောင်က“ပြောသည်။

ယခင်က မြိတ်မှမောတောင်သို့ သွားရာလမ်းပိုင်းသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ဒေသခံ ဥယျာဉ်ခြံလုပ်ကိုင်သူများလောက်သာ ညအိပ်ခရီးအဖြစ် သွားလာခဲ့ကြောင်း ယခုအခါ မြန်မာ- ထိုင်း မောင်နှမ မြို့တော်အဖြစ် ချစ်ကြည်ရေးလက်မှတ်ရေးထိုးထားပြီးနောက် မြိတ်ခရိုင်နှင့် ပရာကျွတ်ခီရီခန့် ခရိုင်တို့ အကြား တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး အပြန်အလှန်သွားရောက်လည်ပတ်မှုများ မြင့်တက်လာခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မြိတ်ဒေသခရီးသွားလုပ်ငန်းက အခုဆိုရင် မိုးရာသီဖြစ်တဲ့ ဒီရာသီမှာက ကျွန်းခရီးစဉ်တွေ ရပ်နားထား ရပေမယ့် ပရာကျွတ်ခရီးစဉ်ကိုတော့ ပို့ဆောင်ပေးနေတာ ရှိပါတယ်။ ဒီခရီးစဉ်က ပြည်တွင်း ခရီးသွားဧည့်သည်တွေ တော်တော်လေးကို စိတ်ဝင်တစားရှိလာတယ်”ဟု မြိတ်အခြေစိုက် မိုး ခရီးသွား လုပ်ငန်းကုမ္ပဏီမှ တာဝန်ရှိသူ ဦးမိုးဇော်က ပြောသည်။

မြိတ်ဒေသရှိခရီးသွား လုပ်ငန်းများသည် ကျွန်းခရီးစဉ်များဖြင့် နာမည် ရခဲ့သော်လည်း ယခုကဲ့သို့ မိုးရာသီတွင် ခရီးသွားလာမှုများ ရပ်နားထားရလေ့ရှိသည်။ သို့သော်လည်း ယခုအခါ  ထိုင်းနိုင်ငံ ပရာကျွတ်မြို့သို့ သွား ရောက်လည်ပတ်မှုများရှိလာသောကြောင့် ခရီးသွားလုပ်ငန်းများ ပိုမိုအဆင်ပြေလာခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ချင်းပြန် ခရီးစဉ်နှင့်တစ်ညအိပ်နှစ်ရက် ခရီးစဉ်တွင် ဧည့်သည်တစ်ဦးအတွက် ကျပ် ရှစ်သောင်းမှ ၁၃၀၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး  ပရာကျွတ်မြို့ရှိ မျောက်တောင်၊ လျောင်းတော်မူလှိုဏ်ဂူဘုရား၊ ဝမ့်ထမ်မိ (အကြီးဆုံးသော သိမ်ကျောင်းတော်)၊ အဏ္ဏဝါပြတိုက် (ငါးပြတိုက်)၊ နက္ခတ်တာရာ ပြခန်း၊  ပရာကျွတ် ပြည်သာရာတံတား၊  လေးမျက်နှာနတ်ကွန်း  နဂါးဘုရားကျောင်း (အောင်နွယ်)၊  အောင်နွယ် ပင်လယ်အော်  ပရာကျော့ကမ်းခြေ၊ (အောင်ပရာကျော့)၊ သံပရာသီးကမ်းခြေ (အောင်မနှောင်း အပန်ဖြေ ကမ်းခြေ)၊ စစ်သမိုင်းပန်းခြံ၊ Lotus ကုန်တိုက်၊ ဘူတာစျေး၊ ညစျေး၊ နှစ်နိုင်ငံ နယ်စပ်စျေး (ဆင်ခွန်းစျေး)  အစရှိသည့် နေရာများသို့ လည်ပတ်နိုင်မည်ဖြစ်ကြောင်း ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

ထို့အပြင် ပရာကျွတ်သို့ သွားရောက် လည်ပတ်နိုင်သော ခရီးစဉ်တွင် မြန်မာနိုင်ငံသား ခရီးသွား ဧည့်သည်များ အတွက် နေ့ချင်းပြန်ခရီးနှင့် သုံးညအိပ် လေးရက်ဖြင့် လည်ပတ်ခွင့်ပြုထားကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly