အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ကို ထရမ့် ရာထူးမှ ထုတ်ပယ်

အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ကို ထရမ့် ရာထူးမှ ထုတ်ပယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေနဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ကို ရာထူးကနေ နုတ်ထွက်ဖို့ တိုက်တွန်းပြောဆိုထားကြောင်း အင်္ဂါနေ့က တွစ်တာမှာ ရေးသားပါတယ်။

ဂျွန်ဘော်တန်ရဲ့ အကြံပေးမှု အများအပြားကို တော်တော်လေးကို သဘောထားမတိုက်ဆိုင်သလို အစိုးရအဖွဲ့အတွင်းမှာလည်း သဘောထားမတိုက်ဆိုင်တာကြောင့် ဖြစ်တယ်လို့ ထရမ့် မှတ်ချက်ပြု ရေးသားထားပါတယ်။

“ကျွန်တော်အနေနဲ့ ဂျွန်ကို သူ့ရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ပါတယ်။ လာမယ့်သီတင်းပတ်မှာ နောက်ခန့်အပ်မယ့် အမျိုးသားလုံခြုံရေးအကြံပေးကို ကြေညာပါမယ်။”လို့ ထရမ့်က တွစ်တာမှာ ရေးသားဖော်ပြပါတယ်။

ဂျွန်ဘော်တန်ဟာ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုနဲ့ ဘဏ္ဍာရေးဝန်ကြီး စတိမနုချင်တို့နဲ့အတူ အင်္ဂါနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြားရေးက ကြေညာပြီး တစ်နာရီအတွင်းမှာ ထရမ့်ရဲ့ တွစ်တာရေးသားချက် ထွက်ပေါ်လာတာပါ။

ခုလို ဂျွန်ဘော်တန် ရာထူးကနေ ထုတ်ပယ်ခံတာကို အံ့သြမိသလားလို့ သတင်းစာရှင်းလင်းပွဲမှာ ပွန်ပဲယိုနဲ့ မနုချင်တို့ကို မေးမြန်းကြတဲ့အခါ မနုချင်က “ကျွန်တော် ဘယ်တော့မှ တအံ့တသြမဖြစ်ဘူး။”လို့ ဖြေကြားပါတယ်။

ဒါပေမယ့် ဘော်တန်အနေနဲ့ ရာထူးက ထုတ်ပယ်ခံရတာထက် ကိုယ်သဘောနဲ့ ကိုယ် နုတ်ထွက်တာမျိုးပဲ ဖြစ်တယ်ဆိုတာကို သမ္မတ ထရမ့် တွစ်တာရေးသားချက် ထွက်လာပြီး မိနစ်ပိုင်းအတွင်း တုံ့ပြန်ပါတယ်။

“ကျွန်တော် မနေ့ညက ရာထူးက နုတ်ထွက်ဖို့ လျှောက်ထားခဲ့တယ်။ ဒီအကြောင်း မနက်ဖြန်ကျမှ ဆွေးနွေးမယ်ဆိုပြီး သမ္မတ ထရမ့်က ပြန်ပြောခဲ့တယ်။”လို့ ဂျွန်ဘော်တန်က တွစ်တာမှာ ရေးသားပါတယ်။

စက်တင်ဘာ ၁၀ ရက် အင်္ဂါနေ့ နေ့စွဲတပ်ပြီး သမ္မတ ထရမ့်ဆီ ပေးပို့တဲ့ ဂျွန်ဘော်တန်ရဲ့ နုတ်ထွက်စာမှာ “ကျွန်တော် ခုကစလို့ သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ကနေ ချက်ချင်းလက်ငင်း နုတ်ထွက်ပါပြီ။ ဒီရာထူးနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့ အခွင့်အရေးပေးခဲ့တဲ့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။”လို့ ရေးသားထားပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly