မြန်မာအသင်း အိမ်ကွင်းပရိသတ် ရှေ့မှောက်တွင် ဂျပန်အသင်းကို ပေးဂိုး၂ ဂိုးဖြင့် ရှုံးနိမ့်

မြန်မာအသင်း အိမ်ကွင်းပရိသတ် ရှေ့မှောက်တွင် ဂျပန်အသင်းကို ပေးဂိုး၂ ဂိုးဖြင့် ရှုံးနိမ့်
ဓာတ်ပုံ - သူရ ( မဇ္စျိမ )

ရန်ကုန်၊ စက်တင်ဘာ ၁၀ ။         ။ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် ဂျပန်အသင်းနှင့်အိမ်ကွင်း လက်ခံယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းသည် ကစားကွက် ပျက်ကာ ပေးဂိုး ၂ ဂိုး သွင်းဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

 

ပွဲ စတင်ယှဉ်ပြိုင်သည့် ပထမပိုင်းစစချင်းတွင် ဂျပန်အသင်းမှ ဖိအားပေးကစားနိုင်ခဲ့ပြီး မြန်မာအသင်းအနေဖြင့် ကစားပုံပျက်ကာ ရေကုန်ရေခမ်းကစားခဲ့ရကာ အိမ်ကွင်းပရိသတ်ရှေ့တွင် ဂိုးမပေးရရေး ခံစစ် ကစားခဲ့ရသည်။

ပွဲ ကစားချိန် ၁၅ မိနစ် အရောက်တွင် ဂျပန်အသင်း၏ တိုက်စစ်ကို မြန်မာနောက်တန်းကစားသမားများ မကာကွယ်နိုင်ဘဲ ဦးဆောင်ဂိုး ဂျပန်အသင်းသို့ ပေးခဲ့ရသည်။

မြန်မာအသင်းကစားသမား စိုးမိုးကျော် အဝါကဒ် ထိခဲ့ပြီး ပွဲကစားချိန် ၂၅ မိနစ်အရောက်တွင် ဂျပန် အသင်းမှ ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။

ပထမပိုင်းပြီးခါနီးတွင် မြန်မာပရိသတ်တစ်ဦး ကွင်းအတွင်း ပြေးဝင်လာမှုဖြစ်ခဲ့၍ အခြေအနေကို ထိန်းခဲ့ရသည်။

ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ကစားရာတွင် ဂျပန်အသင်းမှ ဖိအားပေးကစားခဲ့ပြီး မြန်မာအသင်းအနေဖြင့် ထပ်မံ ဂိုးမပေးရရေး ခံစစ်ကစားခဲ့သည်။

ဂျပန်အသင်း၏ ထိုးဖောက်မှုများကို မြန်မာအသင်း ကစားသမားများ  ခက်ခက်ခဲခဲ ဖျက်ထုတ်ခဲ့ရကာ ပွဲအပြီးတွင် ပေးဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့၊ ညနေ ၆ နာရီ ၅၀ မိနစ်တွင်  ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် မြန်မာအသင်း၏ ဒုတိယမြောက်ပွဲစဉ် ဖြစ်ပြီး ဂျပန်အသင်း အဖွင့်ပွဲစဉ်တွင် အဝေးကွင်းတွင် ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ဂျပန်လက်ရွေးစင်အသင်းတွင် နာမည်ကျော်ကစားသမားများအဖြစ် အီဂျီကာဝါရှီမာ ၊ မာယာ ယိုရှီဒါ ၊ ယူတို နာဂါတိုမို ၊ ဟာရာဂူချီ ၊ အိုဆာကို ၊ တာကူမီ မီနာမီနို ၊ ၀ါတာရူအန်ဒို ၊ ဟီရိုကီဆာကီ ၊တာကီဖူဆာကူဘို ၊ ရစ်ဆု ၊ဒိုရန် ၊ ရှိုယာနာကာဂျီမာတို့ ပါဝင်လာကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၅ ရက်နေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအုပ်စုအဖွင့်ပွဲအဖြစ် မွန်ဂိုလီးယားအသင်းနှင့်အဝေးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၁) ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယပွဲစဉ်အဖြစ် ဂျပန်အသင်းနှင့်အိမ်ကွင်းတွင် (၂-၀) ထပ်မံ ရှုံးနိမ့်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၀ ရက်နေ့တွင် ကာဂျစ်စတန်လက်ရွေးစင်အသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required