တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး ဂျက်မာ အလီဘာဘာ ဥက္ကဌအဖြစ်မှ အငြိမ်းစားယူ

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး ဂျက်မာ အလီဘာဘာ ဥက္ကဌအဖြစ်မှ အငြိမ်းစားယူ
Photo: EPA

ပေကျင်း၊ စက်တင်ဘာ ၁၀

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီး ဂျက်မာဟာ ၎င်း တည်ထောင်ခဲ့ပြီး နှစ်နှစ်ဆယ်ကြာ အောင်မြင်မှု ရနေတဲ့ e-commerce ကုမ္ပဏီကြီး အလီဘာဘာ ဥက္ကဌအဖြစ်ကနေ အငြိမ်းစားယူပြီး ဆက်ခံသူကို အင်္ဂါနေ့မှာ လက်လွှဲပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

ဂျက်မာဟာ အလီဘာဘာ ကုမ္ပဏီကြီးရဲ့ ဥက္ကဌရာထူးကနေ သူ့ရဲ့ ၅၅ ပြည့် မွေးနေ့မှာ အနားယူမယ်လို့ မနှစ်က ကြေညာထားတဲ့အတိုင်း အငြိမ်းစားယူပြီး လက်လွှဲပေးအပ်တာဖြစ်ပါတယ်။

အလီဘာဘာရဲ့ ဥက္ကဌအဖြစ် စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒန်နီယယ်ကျောင်းက ဒီကနေ့ကစလို့ တာဝန်ယူမှာ ဖြစ်ပါတယ်။

ဂျက်မာအနေနဲ့ကတော့ လာမယ့်နှစ်ကုန်တဲ့တိုင်အောင် ဒါရိုက်တာဘုတ်အဖွဲ့မှာ ပါဝင်နေဦးမှာ ဖြစ်ပါတယ်။

ဥက္ကဌရာထူးကနေ အနားယူတဲ့ ဒီကနေ့ဟာ ဂျက်မာရဲ့ မွေးနေ့တင်မက တရုတ်နိုင်ငံမှာ ဆရာများနေ့လည်း ကျရောက်တဲ့ နေ့ဖြစ်ပါတယ်။ ဂျက်မာဟာ ၁၉၉၉ မှာ အလီဘာဘကို မတည်ထောင်ခင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီးဖြစ်တဲ့ ဂျက်မာဟာ သူ ဒါရိုက်တာဘုတ်အဖွဲ့ကနေ နုတ်ထွက်ပြီးတဲ့ အချိန်မှာ သူ့ရဲ့ စွမ်းရည်ကို ပညာရေးမှာ အသုံးချသွားမယ်လို့ ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly