နေမကောင်းဖြစ်နေချိန် သောက်သင့်တဲ့ အားဖြည့်ဖျော်ရည်တွေ

နေမကောင်းဖြစ်နေချိန် သောက်သင့်တဲ့ အားဖြည့်ဖျော်ရည်တွေ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ခုလိုရာသီဥတုက လူတော်တော်များများ ဖျားနာနေမကောင်းဖြစ်တတ်ကြတာ သတိထားမိမှာပါ။ လေထဲမှာက ရောဂါပိုးမွှားတွေ အမြဲပျံ့နှံ့နေတာဆိုတော့ ဘယ်လောက်ပဲ ကျန်းမာပြီး ဒေါင်ဒေါင်မြည်နေတဲ့သူပဲဖြစ်ဖြစ် တစ်ခေါက်လောက်ကတော့ ဖျားလိုက်ကြတာပါပဲ။ ဖျားတော့ဘာဖြစ်မလဲ၊ နောက်ဆက်တွဲအနေနဲ့ ကိုယ့်အလုပ်၊ တာဝန်၊ ပညာရေးကို ထိခိုက်လာမယ်၊ ဖျားတဲ့သူရော၊ မိသားစုဝင်တွေပါ စိတ်ရောကိုယ်ပါ ဒုက္ခရောက်ရတယ်နော်။ ဒီလိုမျိုးဖျားနေတဲ့အချိန်မှာ အစာစားချင်စိတ်ကလည်း မရှိဆိုတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ဖျားနေတဲ့အချိန်မှာ ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးပြီး အဖျားတာတိုစေမယ့် ဖျော်ရည်တွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီဖျော်ရည်တွေကို အိမ်မှာရှိတဲ့ သဘာဝ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနဲ့ အလွယ်တကူကြိတ်ပြီး ဖျော်လို့ရတဲ့အတွက် မိသားစုဝင်တွေအတွက်လည်း ချက်ပြုတ်ပြင်ဆင်ရတာ သက်သာစေတာကြောင့် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆို စလိုက်ကြရအောင်နော်။
၁။ ပန်းသီး၊ မုန်လာဥနီ၊ လိမ္မော်သီးဖျော်ရည်

မုန်လာဥနီရဲ့ အချိုအရသာ၊ လိမ္မော်သီးရဲ့ အချဉ်အရသာနဲ့ ပန်းသီးရဲ့ ကျန်းမာစေတဲ့ ဂုဏ်သတ္တိဟာ နေမကောင်းဖြစ်နေတဲ့သူတွေအတွက်တော့ အကောင်းဆုံးဓာတ်စာပါပဲ။ ပုံမှန် ဒီအတိုင်းကိုက်စားရတဲ့အသီးကို ကြိတ်ပြီးဖျော်သောက်လို့ရတယ်ဆိုတော့ နေမကောင်းဖြစ်နေတဲ့သူအတွက်လည်း သောက်ရတာ သိပ်ခက်မယ်မထင်ပါဘူး။ အဓိကပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် အေ၊ ဘီ-၆၊ စီ၊ ပိုတက်စီယမ်ဓာတ်၊ ဖောလစ်အက်ဆစ်ဓာတ်တွေပဲဖြစ်ပါတယ်။
၂။ ခရမ်းချဉ်သီးဖျော်ရည်

လတ်ဆတ်တဲ့ ခရမ်းချဉ်သီးကိုမှ အစေ့တွေဖယ်ထုတ်ပြီး ပါးပါးလေးလှီး၊ ပြီးသွားရင် ကြိတ်စက်နဲ့ ကြိတ်ပြီးရလာတဲ့ ဖျော်ရည်ကို ဆား၊ သကြား၊ ဘာဆို ဘာမှထပ်ထည့်ဖို့မလိုဘဲ သောက်ပေးပါ။ ခရမ်းချဉ်သီးမှာကို ကိုယ်ခန္ဓာထဲမှာရှိတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်သတ္တိတွေ ပါဝင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင် စီ၊ အေ၊ သံဓာတ်၊ ဖောလစ်အက်ဆစ်တွေ အများအပြားပါဝင်ပါတယ်။
၃။ ကိုက်လန်ရွက်၊ ခရမ်းချဉ်သီး၊ တရုတ်နံနံဖျော်ရည်

နံနံပင်ဆို အရမ်းမုန်းတယ်ဆိုတဲ့သူတွေကလွဲရင် တော်တော်များများ ကြိုက်ကြမယ်ထင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများလို့ ဝမ်းကိုမှန်စေပြီး ကိုယ်တွင်းမှာရှိတဲ့ အပူအပုပ်တွေကို ငြိမ်းစေတယ်။ အရက်နာကျနေတဲ့သူတွေအတွက်လည်း ခေါင်းမူးခေါင်းကိုက်အော့အန် ဝေဒနာတွေကို သက်သာစေတဲ့ ဖြေဆေးတစ်ခွက်ဖြစ်ပါတယ်။
၄။ စတော်ဘယ်ရီ၊ သရက်ဖျော်ရည်

သဘာဝအချိုဓာတ်နဲ့ အချဉ်ဓာတ်ကို ပေါင်းစပ်ထားတဲ့ ဒီဖျော်ရည်ကို ဖျားနေတဲ့အချိန် တစ်နေ့တစ်ခွက် သောက်ပေးရုံနဲ့ ဝေဒနာကို လျင်မြန်စွာ သက်သာစေရုံသာမက အစာစားချင်စိတ်ကိုပါ ဖြစ်ပေါ်စေပါတယ်။ သတိထားရမှာက ရေခဲသေတ္တာအအေးခန်းထဲမှာ စတော်ဘယ်ရီသီးနဲ့ သရက်သီးတွေကို သိမ်းထားရမှာဖြစ်ပါတယ်။ ရေခဲသေတ္တာကနေ ထုတ်ပြီးပြီးချင်း ချက်ချင်းကြိတ်ဖျော်ပြီး သောက်ပေးရမှာပါ။ သရက်သီးမှာ ပါတဲ့ ဗီတာမင် အီးဓာတ်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး နာမကျန်းဖြစ်နေတဲ့ လူကြီးတွေဆို ပိုလို့တောင် သောက်ပေးသင့်ပါတယ်။
၅။ ဖရဲသီးဖျော်ရည်

ကိုယ်ခံအားစနစ်အတွက်သာမက ကြွက်သားနာကျင်ကိုက်ခဲတာတွေကို သက်သာစေတယ်။ ရေဓာတ်ကို ဖြည့်တင်းပေးလို့ ဆီးနဲ့ ဝမ်းမှန်စေတယ်။ ဖရဲသီးတစ်မျိုးတည်း ကြိတ်ပြီးဖျော်သောက်လို့ ရသလို ပန်းသီး၊ လိမ္မော်သီးတွေနဲ့ ရောကြိတ်လို့လည်း အဆင်ပြေပါတယ်။ အစေ့တွေကိုတော့ ဖယ်ထုတ်ရမှာဖြစ်ပါတယ်။

နာမကျန်းဖြစ်နေတဲ့အချိန်ဆိုရင် ကိုယ်ခံအားစနစ်က ကျဆင်းသွားတတ်ပြီး တခြားရောဂါတွေ ဝင်လာဖို့ လွယ်ကူတာကြောင့် ခုပြောပြခဲ့တဲ့ ဖျော်ရည်တွေကို တိုက်ပေးခြင်းဖြင့် အဖျားတာတိုစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းအောင် လုပ်သင့်တယ်နော်။ လူနာကို ပြုစုစောင့်ရှောက်နေရတဲ့ မိသားစုဝင်တွေအတွက်လည်း ပြင်ဆင်လုပ်ရတာ လွယ်ကူမယ်လို့ မျှော်လင့်မိပါတယ်။ ဒီဖျော်ရည်တွေက ဖျားနေတဲ့အချိန်မှာသာမဟုတ်ဘဲ ပုံမှန်နေကောင်းနေတဲ့အချိန်မှာ သောက်ပေးရင် ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်တွေ ပိုမိုဖြည့်စွမ်းပေးနိုင်တာကြောင့် အကျိုးတော့ မယုတ်ပါဘူးနော်။ အားလုံးပဲ ပျော်ရွှင်စရာမုတ်သုံရာသီမှာ ဖျားနာခြင်းကင်းဝေးကြပါစေ။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly