မကွေး ဆင်ပေါင်ဝဲမြို့နယ် လယ်မကျေးရွာတွင် ဆိုလာစနစ်ဖြင့် မီးပေးရေး စတင်လုပ်ဆောင်နေ

မကွေး ဆင်ပေါင်ဝဲမြို့နယ် လယ်မကျေးရွာတွင် ဆိုလာစနစ်ဖြင့် မီးပေးရေး စတင်လုပ်ဆောင်နေ

မကွေး၊ စက်တင်ဘာ ၁၀ ။          ။ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ လယ်မကျေးရွာအုပ်စုတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်နေသည့် နေရောင်ခြည်စွမ်းအင်သုံး အသေးစား ဆိုလာ ဓါတ်အားပေးစနစ်မှာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်၍ မီးပေးရေး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“ဆင်ပေါင်ဝဲမြို့နယ်-လယ်မကျေးရွာမှာ နေရောင် ခြည်စွမ်းအင်သုံးဆိုလာစနစ်နဲ့ လျှပ်စစ်မီးရရှိရေး လုပ်ငန်းစဉ် အတွက် ကမ္ဘာ့ဘဏ်၊ ဂျာမဏီနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ တို့ကနေ နည်းပညာ ပံ့ပိုးကူညီပေးခဲ့ပြီး မဟာဓါတ်အားလိုင်းပြင်ပ-အမျိုးသားလျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်းNEP-Off Gridနဲ့ အမေရိကန်ဒေါ်လာ ၇၈၄၅၁၆ အကုန်ကျခံတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးအောင်က ပြောသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး အသေးစားဆိုလာဓါတ်အားပေးစနစ် တည်ဆောက်ရေးလုပ်ငန်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း ဒေသခံကျေးလက်ပြည်သူများမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်လုပ်ကိုင်နေသည့် ကုမ္မဏီဘက်မှထည့်ဝင် ငွေ ၂၀ ရာခိုင်နှုန်း တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆိုလာ ၁၆၅.၇၆ ကီလိုဝပ် ဂျင်နရေတာ ၈၀ KVA ဆိုလာ ဒီဇယ်ပေါင်းစပ်စနစ်အမျိုးအစားဖြစ်ပြီး မန္တလေး ရိုးမကုမ္မဏီက တာဝန်ယူဆောင်ရွက်ခဲ့တာလုပ်ငန်းရဲ့ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်လို့ မီးပေးရေးလုပ်ငန်း များကို စတင်လုပ်ကိုင်နေပါပြီ” ဟု ဆင်ပေါင်ဝဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောသည်။

ပြီးခဲ့သည့်၂၀၁၇/၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆင်ပေါင်ဝဲမြို့နယ်၊ စပါးရင်းတွင်းကျေးရွာ၌ ဆိုလာအသေးစား ဓါတ်အားပေးစနစ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပထမဆုံး အကြိမ် ဆောင်ရွက်ပေးနိင်ခဲ့ပြီး ဒေသခံအိမ်ထောင်စု ၁၅၇ စု၊ ဘာသာရေးကျောင်း နှစ်ကျောင်း၊ စာသင် ကျောင်းတစ်ကျောင်းတို့နှင့်အတူ ကျေးလက်ဒေသခံ ပြည်သူ ၇၈၀ ကျော်အတွက် လျှပ်စစ်မီး သုံးစွဲခွင့် ရရှိခဲ့ကြကြောင်း သိရသည်။

ယခု ဒုတိယအကြိမ်တွင် လယ်မကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု ၅၈၂ စု၊ လူဦးရေ ၂၆၀၀ ကျော်တို့ အတွက် ၂၄ နာရီ လျှပ်စစ်မီးသုံးစွဲခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required