ဝန်ကြီးများရုံးကို အများပြည်သူလေ့လာနိုင်စေရန် စက်တင်ဘာလအတွင်း ဖွင့်လှစ်မည်

ဝန်ကြီးများရုံးကို အများပြည်သူလေ့လာနိုင်စေရန် စက်တင်ဘာလအတွင်း ဖွင့်လှစ်မည်
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ စက်တင်ဘာ ၁ဝ ။        ။ သမိုင်းအမှတ်တရများစွာရှိခဲ့ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၂ဝ ကျော်က တည်ဆောက်ခဲ့သည့် ဝန်ကြီးများရုံးကို အများပြည်သူလာရောက်လေ့လာနိုင်စေရန် ယခုစက်တင်ဘာလအတွင်း စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပျော်ရွှင်ဖွယ်ရာ သုံးပတ်တာ၊ ဝန်ကြီးများရုံးမှာအစီအစဉ်အတွက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၁ဝ ရက်နေ့က ဝန်ကြီးများရုံးတွင် ပြုလုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရခြင်းဖြစ်သည်။

“အခုဒီဟာက ပြောရမယ်ဆိုရင် နှစ်ပေါင်းများစွာ သော့ပိတ်ထားခဲ့တယ်။ အခုတော့ ရက်သတ္တပတ် သုံးပတ်မှာ ပြည်သူတွေအားလုံးပဲ သေချာလာရောက်လေ့လာနိုင်အောင် ဖွင့်လှစ်ပေးတာပါ။ ပြည်သူတွေ လာရောက် လေ့လာမယ်ဆိုရင် အရှေ့ဘက်အခြမ်းမှာ အားလုံးလာရောက်လေ့လာနိုင်အောင်လုပ်ထားတယ်။ ဒီလိုမျိုး ပြည်သူတွေ သမိုင်းကြောင်းကို စတင်လေ့လာနိုင်အောင်၊ ဒီလိုအစီအစဉ်လုပ်နိုင်ခဲ့တဲ့အတွက် တကယ် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု The Secretariat Yangon မှ Commercial Director Mr Steven Stubblefield က ပြောသည်။

ပျော်ရွှင်ဖွယ်ရာ သုံးပတ်တာ၊ ဝန်ကြီးများရုံးမှာ အစီအစဉ်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှ၂၉ ရက်နေ့အထိ ၃ပတ် အတွင်း စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး အများပြည်သူများအနေဖြင့် သမိုင်း နေ့ရက်များကို ပြန်လည်ထိတွေ့နိုင်စေရန် The Secretariat Yangon က ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့အပြင် ပျော်ရွှင်ဖွယ်ရာ သုံးပတ်တာ၊ ဝန်ကြီးများရုံးမှာအစီအစဉ်သည် The Secretariat Yangon ၏ ပထမခြေလှမ်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးများရုံး အဆောက်အဦသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ ကျော်က အများပြည်သူဝင်ရောက်ခွင့်မရှိဘဲ ပိတ်ထားခဲ့သည့် အဆောက်အဦးတစ်ခုဖြစ်ပြီး အာဇာနည်နေ့ကဲ့သို့ ထူးခြားသောနေ့များတွင်သာ အများပြည်သူ ဝင်ရောက်လည်ပတ်ခွင့်ပေးခဲ့သည့် နေရာတစ်ခုဖြစ်သည်။

ဝန်ကြီးများရုံးသည် ကိုလိုနီခေတ်အဆောက်အဦးတစ်ခုဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်ဝန်ကြီး ခြောက်ဦးတို့ ကျဆုံးခဲ့သည့် သမိုင်းဝင်နေရာတစ်ခုလည်း ဖြစ်သည်။

“ဒီလိုမျိုးပိတ်ထားပြီးတော့ အသက်မဝင်တော့တဲ့ဟာကနေ အခုအစီအစဉ်တွေများစွာနဲ့အတူ၊ ပြန်လည် ပြုပြင်မှုတွေများစွာနဲ့အတူ အသက်ဝင်လာပြီဆိုတာကို ပြည်သူတွေ သိရှိစေဖို့ ပြသချင်ပါတယ်။ ဒီသုံးပတ်တာ ကတော့ အရင်ဆုံး ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပထမခြေလှမ်းလို့ ပြောလို့ရပါတယ်။ ပြည်သူလူထုကို လည်း နောက်ပိုင်းမှာ လာရောက်လည်ပတ်လေ့လာနိုင်အောင်လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အခုကတော့ ပထမခြေလှမ်းကို စလိုက်ပြီဖြစ်လို့ ပထမခြေလှမ်းကနေ အတွေ့အကြုံကိုလေ့လာသုံးသပ်ပြီး အောက်တိုဘာ လအတွင်း အဆင်ပြေတဲ့အချိန်တစ်ခုမှာ အများပြည်သူလာရောက်လေ့လာနိုင်ဖို့ ဖွင့်လှစ်ပေးသွားမှာပါ” ဟု Mr Steven Stubblefield က ဆက်ပြောသည်။

ပျော်ရွှင်ဖွယ်ရာ သုံးပတ်တာ၊ ဝန်ကြီးများရုံးမှာ အစီအစဉ်တွင် ခေတ်ဟောင်းဓာတ်ပုံနှင့် ရှေးဟောင်းအသုံး အဆောင်ပြပွဲ၊ ရိုးရာကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အဝတ်အထည်များရောင်းချသွားမည့် စျေးရောင်း ပွဲတော်၊ ကလေးငယ်များအတွက် ကစားနည်းများ၊ မိသားစုများအတွက် ရည်ရွယ်သည့် အစီအစဉ်များ ပါဝင် မည်ဖြစ်ပြီး အများပြည်သူအခမဲ့လာရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly