ဆွေးနွေးပွဲ လုပ်လိုကြောင်း ကမ်းလှမ်းပြီး နာရီပိုင်းအကြာမှာ အမျိုးအမည်မသိကျည်ဖူးများကို မြောက်ကိုရီးယား ပစ်လွှတ်

By AFP
10 September 2019
ဆွေးနွေးပွဲ လုပ်လိုကြောင်း ကမ်းလှမ်းပြီး နာရီပိုင်းအကြာမှာ အမျိုးအမည်မသိကျည်ဖူးများကို မြောက်ကိုရီးယား ပစ်လွှတ်

စက်တင်ဘာ ၁၀ ။           ။ အမျိုးအမည် မသိ ကျည်ဖူးများကို ပင်လယ်ထဲဦးတည်ပြီး စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ မြောက်ကိုရီးယားတို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ယင်း ပစ်လွှတ်မှု မတိုင်ခင် နာရီပိုင်းအကြာကပဲ ပြုံယမ်းဘက်က အမေရိကန်နဲ့အကြား စက်တင်ဘာကုန်ပိုင်းမှာ အလုပ်သဘောဆွေးနွေးပွဲတွေ လုပ်ဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ကမ်းလှမ်းထားခဲ့ပါသေးတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အကြား ဖေဖော်ဝါရီလက သဘောတူညီချက်တစ်ခုမှ မရဘဲ ပြီးဆုံးခဲ့တဲ့ ဒုတိယမြောက် ထိပ်သီးအစည်းအဝေးတစ်ခု နောက်ပိုင်း ပြုံယမ်းနဲ့ ၀ါရှင်တန်အကြား ညှိနှိုင်းဆွေးနွေးမှုတွေဟာ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေမှာ ရှိနေပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ အမျိုးအမည်မသိ ကျည်ဖူး ပစ်လွှတ်မှု နှစ်ကြိမ်အထိ မြောက်ကိုရီးယားတို့ လုပ်ခဲ့ကြကြောင်း၊ ယင်း ကျည်ဖူးများက တောင်ပိုင်း ပြုံဂန်း ခရိုင် ကေးချွန်း ဧရိယာကနေ ပျမ်းမျှ အကွာအဝေး ၂၀၅ မိုင်အထိ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

“ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ဒေသတွင်း တင်းမာမှုတွေကို ပိုအရှိန်မြင့်စေမယ့် ဒီလို လုပ်ရပ်မျိုး ထပ်မလုပ်ဖို့ကိုပဲ တိုက်တွန်းချင်ပါတယ်” ဆိုပြီး မြောက်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်က ထုတ်ပြန်ပြောဆိုသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required