အမေရိကန် ကမကထပြုတဲ့ တာလီဘန်တွေနဲ့ ဆွေးနွေးပွဲက နိဂုံးချုပ်သွားပြီလို့ ထရမ့် ပြော

အမေရိကန် ကမကထပြုတဲ့ တာလီဘန်တွေနဲ့ ဆွေးနွေးပွဲက နိဂုံးချုပ်သွားပြီလို့ ထရမ့် ပြော

၀ါရှင်တန်၊ စက်တင်ဘာ ၁၀ ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တာလီဘန်တွေနဲ့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နိဂုံးချုပ်သွားပြီလို့ တနင်္လာနေ့က ပြောလာပါတယ်။

အမေရိကန် အစိုးရ အိမ်တော်ရာ Camp David မှာ တာလီဘန်ရော၊ အာဖဂန်နစ္စတန် အစိုးရပိုင်းက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံစည်းဝေးဖို့ စီစဉ်ထားတာကို ရုတ်တရက် ပယ်ဖျက်လိုက်ပြီးနောက်မှာ သမ္မတ ထရမ့်က ကြေညာလာတာပါ။

“ငြိမ်းချမ်းရေး  ဆွေးနွေးပွဲတွေ နိဂုံးချုပ်သွားပါပြီ။ သဲထဲရေသွန် ဖြစ်သွားပြီ။ ကျွန်တော် စိုးရိမ်တဲ့အတိုင်း အဆုံးသတ်သွားတော့တာ ဖြစ်တယ်။”လို့ အိမ်ဖြူတော်မှာ အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြောင်း သတင်းထောက်တွေရဲ့ အမေးကို ထရမ့်က ဖြေဆိုခဲ့ပါတယ်။

မာရီလန်းက သမ္မတ အိမ်တော်ရာမှာ တာလီဘန်ရော၊ အာဖဂန်အစိုးရ ခေါင်းဆောင်တွေနဲ့ပါ တနင်္ဂနွေနေ့မှာ တွေ့ဆုံဖို့ လျှို့ဝှက်စီစဉ်ထားတာကို သမ္မတ ထရမ့်က ဖျက်သိမ်းကြောင်း စနေနေ့မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကဘူးလ်မြို့တော်မှာ အမေရိကန် စစ်သားတစ်ဦးအပါအဝင် လူပေါင်း ၁၁ ဦး သေဆုံးတဲ့ တိုက်ခိုက်မှုတစ်ရပ်ကို တာလီဘန်တွေက ကျူးလွန်ပြီးတဲ့နောက်မှာ ထရမ့်က တွေ့ဆုံဆွေးနွေးမယ့် အစည်းအဝေးကို ဖျက်သိမ်းလိုက်တာပဲ ဖြစ်ပါတယ်။

“သူတို့တွေရဲ့ အတွေးမှာ စေ့စပ်ဆွေးနွေးတဲ့အခါ အသာစီးရဖို့ လူတွေကို သတ်ပြထားမယ်လို့ တွေးနေကြတယ်။ ဒါမျိုးတော့ လုပ်ခွင့် မပေးဘူး။ ကျွန်တော် လက်ထက်မှာ ဒါမျိုး အဖြစ်မခံဘူး။”လို့ သမ္မတ ထရမ့်က ထပ်လောင်းပြောသွားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly