မကွေးတွင် နှမ်းထွက်နှုန်းကောင်းသော်လည်း အရောင်းအဝယ်ပါးနေ

မကွေးတွင် နှမ်းထွက်နှုန်းကောင်းသော်လည်း အရောင်းအဝယ်ပါးနေ

မကွေး၊ စက်တင်ဘာ ၉ ။           ။ မကွေးတိုင်းဒေသကြီး၌ ယခုနှစ်တွင် နှမ်းအထွက်နှုန်း ကောင်းသော်လည်း ရာသီဥတု မမှန်၍ နှမ်း အရည်အသွေး မကောင်းခြင်း၊ ရှမ်း/မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်နေဖြစ်ကြောင့် အရောင်းအဝယ် အေးနေကြောင်း မကွေးတိုင်းဒေသကြီးကုန်သည်ကြီးများအသင်းမှ သိရသည်။

“ နှမ်းအရည်အသွေး နိမ့်ကျလာပြီး တရုတ်ဘက်ကို သွားတဲ့လမ်းကလည်း နယ်မြေအေးချမ်းသာယာမှုမရှိတော့ စျေးကောင်းမရဘူး။ အရည်အသွေးနိမ့်လို့နှိမ်ခံရ၊ လမ်းကြောင်း မကောင်းလို့ နှိမ်ခံရနဲ့ နို့မို့ဆို ရောင်းရ၊ ဝယ်ရတာအဆင်ပြေပါတယ်။ နှမ်းအရည်အသွေးမကောင်းတာကလည်း တောင်သူတွေကြောင့် မဟုတ်ပါဘူး။ ရာသီဥတုအခြေအနေအရ ရေဓာတ်တွေများ၊ အက်ဆစ်ဓာတ်ပါတွေများလာပြီး အက်ဆစ် မလွတ်တဲ့ နှမ်းတွေက များတော့ လျော့စျေးနဲ့ရောင်းရတော့ ကုန်သည်တွေလည်း အခက်အခဲရှိတယ်။ နှမ်းပေါ်တဲ့ အင်အားကများတော့ လက်ထဲမထားတော့ဘဲ အမြတ်နည်းနည်းရရင် ရောင်း၊ နည်းနည်း ရှုံးလည်း ရောင်းနေရတော့ ကုန်သည်တွေလည်း ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပါပဲ။ အတက်အကျ မှန်းရခက်တော့လေ” ဟု မကွေးတိုင်းဒေသကြီး၊ ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးကျော်ဒွန်းက ပြောသည်။

မကွေးတိုင်းဒေသကြီးက ထွက်ရှိသည့် နှမ်းများမှာ မန္တလေးစျေးကွက်ကို အများဆုံးတင်ပို့ကြပြီး တရုတ်ပြည်ကို တင်ပို့ရောင်းချရခြင်း ဖြစ်သည်။

 “ နှမ်းထွက်နှုန်းဟာ ယခင်နှစ်တွေထက် ဒီနှစ်ပိုရပါတယ်။ ဒါပေမယ့် လုပ်အားခနဲ့တွက်ရင် တွက်ချေ မကိုက်ဘူး။ အလုပ်သမားခဟာ အရင်နှစ်တွေမှာ ကျပ် ငါးထောင်သာ ပေးရတယ်။ ဒီနှစ်မှာ ကျပ် ၁၀၀၀၀ အထိ နှစ်ဆခန့် မြင့်တက်လာပါတယ်။ ရွာမှာ အလုပ်သမားရှားပါးတာက ဒီနှစ်ပိုင်း ရွာစီးပွားရေးအခြေအနေ မကောင်းတာကြောင့် လစဉ် နှစ်ပတ်လည် ဝင်ငွေရတဲ့ ရန်ကုန်၊ မန္တလေး သွားရောက် အလုပ် လုပ်နေကြတယ်လေ။ ရွာရှိ ကျန်ရှိအလုပ်သမားလောက်နဲ့ပဲ ခြေကန်လုပ်ကြတော့ တောင်းတဲ့စျေး ပေးခိုင်းကြရပါတယ်” ဟု မကွေးမြို့နယ် မြောက်ကွမ်းအောင်ကျေးရွာမှ ဦးမြင့်မောင်က ပြောသည်။

မကွေးတိုင်းတွင် နှမ်းကို စမုံနှမ်းနက်၊ ဂွနက်၊ နှမ်းဖြူ၊ နှမ်းနီများကို စိုက်ပျိုးကြပြီး စက်တင်ဘာ ၇ ရက်နေ့ ပေါက်စျေးမှာ စမုံနှမ်းနက်မှာ တစ်တင်းလျှင် ၉၀၀၀၀ ကျပ် ပေါက်စျေး ရှိပြီး ဂွနက်နှမ်းမှာ တစ်တင်းလျှင် ၇၀၀၀၀ ကျပ်၊ နှမ်းဖြူနှင့်နှမ်းနီမှာ တစ်တင်းလျှင် ၅၀၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်ခန့် ပေါက်စျေး ရှိကာ မကွေးမြို့နယ်တွင် နှမ်းဖြူကို အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

“ နှမ်းစျေးမှာ နှမ်းဖြူ ကို ကျပ် ၇၀၀၀၀ ပေးဝယ်ရပြီး ရောင်းတော့ ကျပ် ၄၇၀၀၀၊ ဂွနက်ကို ကျပ် ၉၀၀၀၀ ပေးဝယ်ရပြီး ရောင်းစျေး ကျပ် ၆၆၀၀၀ လောက်နဲ့ ရောင်းနေရတယ်။ ဒီနှစ်တော့ မတ်တပ်ရပ်စာလောက်ပဲ ကျန်တယ်။ မိရိုးဖလာအလုပ်ဖြစ်နေတော့ ဒီတောင်သူအလုပ်ပဲ လုပ်နေရတာပေါ့” ဟု မကွေးမြို့နယ်၊ ကွမ်းအောင်အုပ်စု၊ ရုံးကုန်းကျေးရွာနေ ဦးတင်စန်းက ပြောသည်။

နှမ်းများကို ပြည်ပတင်ပို့မှုအနေဖြင့် တရုတ်ပြည်ကို အဓိက တင်ပို့နေခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာ ၁၅ နေ့သည် တရုတ်မုန့်စားပွဲတော်ဖြစ်သည့်အတွက် ထိုရက်မတိုင်ခင် နှမ်းစျေးကွက် အရောင်းအဝယ် ပြန်သွက်နိုင်ကာ မုန့်စားပွဲတော်နောက်ပိုင်းမှာ ပုံမှန်အတိုင်း ပြန်အေးနိုင်ကြောင်း မကွေးကုန်သည်များက သုံးသပ်နေကြသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly