တောင်တွင်းကြီးတွင် ရထားနှင့်ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံး

တောင်တွင်းကြီးတွင် ရထားနှင့်ဆိုင်ကယ် တိုက်မိပြီး အမျိုးသမီးတစ်ဦး သေဆုံး
ဓာတ်ပုံ-ဆတ်သွားနယ်မြေရဲစခန်း

မကွေး၊ စက်တင်ဘာ ၉ ။            ။ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ၊ ပရပ်ကြယ်ကျေးရွာနှင့် မင်းရွာကျေးရွာအကြားတွင် စက်တင်ဘာ ၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ရထားနှင့်ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် နောက်မှ ပါလာသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဆတ်သွားနယ်မြေရဲစခန်းမှ သိရသည်။

တောင်တွင်းကြီးမြို့ ပရပ်ကြယ်ကျေးရွာအုပ်စု ပရပ်ကြယ်ဘူတာနေ ဦးအောင်နိုင်စိုး(အငယ်တန်းအင်ဂျင်နီယာ ၃)သည် ပရပ်ကြယ်ဘူတာနှင့် ကိုးပင်ဘူတာကြားတွင် ရထားလမ်းပိုင်းအား ပြုပြင်ဆောင်ရွက်နေစဉ် မင်းရွာကျေးရွာအနီးတွင် ရထားနှင့်ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ ပရပ်ကြယ်ကျေးရွာနှင့် မင်းရွာကျေးရွာကြားရှိ မီးရထားသံလမ်းကူး မိုင်တိုင်အမှတ်(၂၄၀/၂၀-၂၁)တွင် မင်းရွာကျေးရွာနေသူ မနီလာဝင်း ( အသက် ၃၅ နှစ်)သည် SHANYAN-110 အမျိုးအစား MM/0299 နံပါတ်ပြားတပ်ဆိုင်ကယ်ပေါ်တွင် မိခင်ဖြစ်သူ ဒေါ်သန်းမြင့်( အသက် ၆၇ နှစ်)အား တင်ဆောင်မောင်းနှင်လာပြီး မီးရထားသံလမ်းကူးအား ဖြတ်သန်းမောင်းနှင်ခဲ့သည်။

နေပြည်တော်ဘူတာမှ စက်ခေါင်းမောင်း ဦးတင်မောင်ထွန်းနှင့် မီးရထားတွဲထိန်း ဦးစန်းဦးတို့ လိုက်ပါမောင်းနှင်လာသည့် စက်ခေါင်းအမှတ် RBE-5048 နေပြည်တော်-ပြည် အမှတ်(၁၀၉)အဆန်ရထားနှင့် တိုက်မိခဲ့ရာ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ ဒေါ်သန်းမြင့်မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဆိုင်ကယ်မောင်း နှင်သူ မနီလာဝင်းတွင် ယာဘက်လက် ဖူးယောင်ဒဏ်ရာနှင့် ဝဲဘက်ခြေထောက်ဖူးယောင်ဒဏ်ရာ (မစိုးရိမ်ရ) တို့ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရထားလမ်းပေါ်တွင် မဆင်မခြင် ဖြတ်ကူးမောင်းနှင်သူ မနီလာဝင်းအား ဥပဒေအရ အရေးယူပေးနိုင်ပါရန် ဦးအောင်နိုင်စိုး(အငယ်တန်းအင်/ယာ ၃ ၊ ပရပ်ကြယ်ဘူတာ)က တရားလို ပြုလုပ်တိုင်တန်းခဲ့သည်။

လက်ရှိတွင် ဆတ်သွားနယ်မြေရဲ့စခန်း (ပ)၁၀၅/၂၀၁၉ ၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ-၈၅ ဖြင့် အမှုရေးဖွင့်ပြီး ဒုရဲအုပ်အောင်မြင့်မြတ်က အမှုအား စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required