မီတာခတိုးမြှင့်ပြီး ပထမလတွင် ရန်ကုန်တိုင်းအတွင်း ဓာတ်အားခ ၃၆ ဘီလီယံကျော် ပိုမိုကောက်ခံရရှိ

မီတာခတိုးမြှင့်ပြီး ပထမလတွင် ရန်ကုန်တိုင်းအတွင်း ဓာတ်အားခ ၃၆ ဘီလီယံကျော် ပိုမိုကောက်ခံရရှိ

ရန်ကုန်။ စက်တင်ဘာ ၉။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားခနှုန်းထားများ တိုးမြှင့်ကောက်ခံသည့် ပထမဆုံးလ (ဇူလိုင်) တွင် ကောက်ခံရရှိမှု ၃၆ ဘီလီယံကျော် ပိုမို ကောက်ခံနိုင်ခဲ့ပြီး အိမ်သုံးမဟုတ်သည့် လျှပ်စစ်ဓာတ်အား သုံးစွဲသူများထံမှ အများဆုံး ကောက်ခံရရှိခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်သုံးအမျိုးအစားနှင့် အိမ်သုံး မဟုတ်သည့် အမျိုးအစားဟု ဆိုပြီး နှုန်းအသစ် သတ်မှတ်ကာ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပိုမိုကောက်ခံရရှိခဲ့သည့် ဓာတ်အားခများနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၉ ရက်က ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရခြင်း ဖြစ်သည်။

" ၆ လပိုင်းမှာတုန်းက ၅၅ ဘီလီယံပဲ ရတယ်။ ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ ၉၁ ဘီလီယံ ရခဲ့ပါတယ်။ မီတာခ ပြောင်းလဲကောက်ခံပြီးနောက်မှာ ၃၆ ဘီလီယံ ပိုတိုးရခဲ့တာပါ။ အိမ်သုံးလျပ်စစ်က ၁၂ ရာခိုင်နှုန်း ပိုတိုးရတယ်။ အိမ်သုံးမဟုတ်တဲ့ လုပ်ငန်းသုံးက ၂၄ ရာခိုင်နှုန်း ပိုတိုးရခဲ့ပါတယ်။"ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ(ဘဏ္ဍာရေး)  ဒေါ် စိုးစိုးနွယ်က ပြောသည်။

မီတာခ နှုန်းထားများတိုးမြှင့်ကောက်ခံရန် တရားဝင်ကြေညာပြီးနောက် စတင်ပြောင်းလဲကောက်ခံသည့် ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားမှ ရရှိငွေ ၉၁ ဘီလျံထိရှိခဲ့ပြီး ယခင် ဇွန်လပိုင်းတွင် ၅၅ ဘီလီယံကျော်သာ ရှိခဲ့ခြင်း ဖြစ်သည်။

အထက်ပါအချက်များကြောင့် လျှပ်စစ်ဓာတ်အားခနှုန်းထား ပြောင်းလဲကောက်ခံခဲ့မှုကြောင့် အိမ်သုံး လျှပ်စစ်ဓာတ်အားသုံးစွဲသူများအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ဝင် ဦးအောင်ကျော်ဦးက ပြောဆိုခဲ့သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွင် အခြေခံလူတန်းစားများ၏ သုံးစွဲမှုသည် ၁ ယူနစ်မှ ၇၅ ယူနစ်အထိ သုံးစွဲမှု ၂၅ ရာခိုင်နှုန်း ရှိပြီး လူလတ်တန်းစားများမှာ ၇၅ ယူနစ် မှ ယူနစ် ၂၀၀ အထိ သုံးစွဲမှု ၃၈ ရာခိုင်နှုန်းရှိကြောင်း ၂၀၀ ယူနစ်အထက် သုံးစွဲသူ ၃၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

လက်ရှိပြောင်းလဲကောက်ခံနေသည့် လျပ်စစ်ဓာတ်အားခ နှုန်းထားများကို အိမ်သုံးအမျိုးအစားနှင့် အိမ်သုံး မဟုတ်သည့် အမျိုးအစားဟု ခွဲခြားထားပြီး အိမ်သုံးအမျိုးအစားတွင် ၁ ယူနစ်မှ ၃၀ ယူနစ်အထိကို ၃၅ ကျပ်၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိကို ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၇၅ ယူနစ် အထိကို ၇၀ ကျပ်၊ ၇၆ ယူနစ်မှ၁၀၀ ယူနစ် အထိကို ၉၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၁၅၀ ယူနစ် အထိကို ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်မှ ၂ဝဝယူနစ် အထိကို ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နှင့် အထက်ကို ၁၂၅ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်သည်။

ထို့အပြင် အိမ်သုံးမဟုတ်သည့်အမျိုးအစားအတွက် ၁ ယူနစ်မှ ၅၀၀ အထိကို ၁၂၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၅၀၀၀ အထိကို ၁၃၅ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ်အထိကို ၁၄၅ ကျပ်၊ ၁၀၀၀၁ ယူနစ်မှ ၂ဝဝဝဝယူနစ် အထိကို ၁၅၅ ကျပ်၊ ၂၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ် အထိကို ၁၆၅ ကျပ်၊ ၅၀၀၀၁ ယူနစ်မှ ၁ဝဝဝဝဝယူနစ် အထိကို ၁၇၅ ကျပ်၊ ၁၀၀၀၀၁ ယူနစ်နှင့်အထက် ကို ၁၈၀ ကျပ်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားသုံးစွဲသူ (၁ ဒဿမ ၃၈)သန်းရှိပြီး ဇူလိုင်လမှ စတင်ကာ ဓာတ်အားခ တိုးမြှင့်ကောက်ခံလိုက်ခြင်းကြောင့် သုံးစွဲမှု လျော့ကျလာရာ ဇူလိုင်လ သုံးစွဲယူနစ်သည် ဇွန်လသုံးစွဲယူနစ်ထက် ၂၁ ဒဿမ ၉သန်း လျှော့နည်းခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required